သတင်း

မုံရွာတွင် ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံထားရသည့် ရုပ်အလောင်းများတွေ့

စစ်ကိုင်းတိုင်းမြို့တော် မုံရွာတောင်ဘက်တွင် ရွာစဉ်လှည့် မွှေနေသည့် စစ်တပ်က ယခုရက်ပိုင်းအတွင်း ဒေသခံ ၁၅ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်နေရာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို ယခုလ ၃ ရက်ကတည်းက ပြည်သူ့စစ် ခေါ် ပျူစောထီးများ အပါအဝင် အင်အား ၁၅၀ ခန့်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။

စစ်တပ်က ဒေသကာကွယ်ရေးအဖွဲ့များ၏ စခန်း ၈ ခုကို မီးရှို့ဖျက်ဆီးထားသည်၊ ရုပ်အလောင်း ၁၂ လောင်းတွင် ၄ လောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည်ကို တွေ့ရသည်ဟု မုံရွာ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။​

“အသတ်ခံရသူတွေထဲမှာ ပြည်သူတွေလည်းပါတယ်။ ခေါင်းတွေရော၊ လက်တွေရော ဖြတ်ထားတယ်။ တချို့ဟာတွေလည်း ခေါင်းအဖြတ်ခံရတာတွေလည်း ရှိတယ်။ ခေါင်းဖြတ်ခံရတဲ့သူတွေက လက်တွေရော အဖြတ်ခံထားရတာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ် ဝင်မွှေခဲ့သော နေရာအချို့ကို နယ်မြေရှင်းလင်းလုပ်စဉ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ထန်းလေးပင်ရွာအနီးတွင် ယမန်နေ့က ရုပ်အလောင်းများ တွေ့ခဲ့ရသည်ဟု ဆိုသည်။​

ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၅ ဦးထက်မနည်း ရှိသော်လည်း လက်ရှိတွင် ရုပ်အလောင်း ၁၂ ခုသာ တွေ့ရသေးသည်ဟု မုံရွာ PDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။​

ယခုလ ၅ ရက်က မုံရွာမြို့တောင်ဘက် ၈ မိုင်ခန့်အကွာ နဂါးတွင်းရွာကို စစ်တပ်က စတင်ဝင်ရောက်စဉ် ဒေသခံ​ကာကွယ်ရေးအဖွဲ့က လက်လုပ်လက်နက်ကြီးများဖြင့် ခုခံသည်၊ အချိန်ခဏသာ တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် နဂါးတွင်းရွာအပါဝင် မြောက်ဘက်ရှိ ထနောင်းတော၊ ဆူးလေကုန်း၊ ထန်းလေးပင် ရွာတို့ကို ဆက်တိုက်စီးနင်းသည်ဟုလည်း မုံရွာ PDF တပ်ဖွဲ့ဝင်က ဆိုသည်။ 

“ထိပ်တိုက်အကြာကြီး တွေ့ဆုံတာတွေတော့ မဖြစ်သေးဘူး။ မနေ့က ထန်းလေးပင်ဘက်ကို ရောက်တော့ သူတို့ မိုင်းကွင်းထဲ ရောက်လာတော့ မိုင်းဆွဲတာနဲ့ လက်နက်ကြီးနဲ့ ပစ်တာနဲ့ သူတို့ (စကစ) ၃၀ လောက်တော့ ကျတယ်။ ၆၀ တွေနဲ့ ပစ်တာ” ဟု ၎င်းက ပြောသည်။ 

ထန်းလေးပင်ရွာအနောက်ဘက်ရှိ လယ်ကွင်းနှင့် ချင်းတွင်းမြစ်ရိုးပေါ်တွင် ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံထားရသူ လေးဦးအပါအဝင် ရုပ်အလောင်း ၁၂ ခုကို ယမန်နေ့က တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“တချို့တွေလည်း မြစ်ထဲက ခုန်ချတာတွေ ရှိတယ်။ အဲဒါတွေလည်း သူတို့ (စကစ) ပြန်ဆယ်ထားတာနဲ့ တူတယ်။ ပြန်ဆယ်ပြီးတော့မှ လက်တွေ၊ ခေါင်းတွေ ဖြတ်ပစ်တာလားတော့ မသိဘူး။ တချို့ရဲဘော်တွေ မြစ်ထဲ ဆင်းပြေးတာကို လိုက်ပစ်ပြီးတော့ ပြန်ဆယ်ထားတာလို့ မြင်တဲ့သူတွေက ပြောတယ်။ မြစ်ရိုးနားမှာ ခေါင်းဖြတ်ခံထားတဲ့သူ နှစ်ယောက်လောက်ပါတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။ 

လက်ရှိတွင် အဆက်သွယ်ပြတ်နေသည့် တပ်ဖွဲ့ဝင်များလည်း ရှိနေသေးသဖြင့် သတ်ဖြတ်ခံရသူများထဲတွင် တပ်ဖွဲ့ဝင် မည်မျှ ပါဝင်သည်ကို မသိရသေးကြောင်း၊ စစ်တပ်ရန်ကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သူက ဆက်ပြောသည်။​

နဂါးတွင်းရွာကို စီးနင်းစဉ် စစ်တပ်က အသက် ၅၀ အရွယ် လေဖြတ်ဝေဒနာသည် အမျိုးသားကို ရိုက်နှက်ခဲ့ရာ ခန္ဓာကိုယ်တစ်ခုလုံး အညိုအမည်းစွဲနေသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်ကပင် ပြောသည်။

“အခြေအနေ မကောင်းဘူး။ သူတို့က ရွာကနေ ခေါ်သွားတယ်။ ရန်နိုင်ကျွန်းဘက် ခေါ်သွားတာ။ သူ့ကို လမ်းဘေးမှာ ပြန်တွေ့တာ။ ပုရွက်ဆိတ်တောင် တက်နေပြီ။ ကျောတွေလည်း ကန်ထားတာ။ တစ်ကိုယ်လုံးလည်း ညိုပုပ်နေပြီ။ မလှုပ်နိုင်တော့ဘူး။ အသတ်ရှင်နိုင်ခြေလည်း နည်းတယ်” ဟု သူက ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မုံရွာမြို့ပေါ်ရှိ ရွှေပြည်သာထိပ်အဝိုင်းပတ်ထိပ်တွင် ဗိုလ်အဆင့် အရာရှိနှစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးစီးနင်းလာသည့် ကားတစ်စီးကို မုံရွာ PDF ၏ တပ်ရင်းတစ်ခုဖြစ်သည့် သံမဏိတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသည်ဟု သိရသည်။

“ခေါင်းထဲမှာရှိတဲ့သူတွေ အကုန်လုံးကျတယ်။ ကားနောက်မှာပါတဲ့သူ ၄ ယောက်ထဲက နှစ်ယောက်ပဲ ပြန်ခံပစ်တာ။ ကျန်တဲ့သူတွေ တစ်ယောက်မှ ခံမပစ်နိုင်ဘူး” ဟု သံမဏိအဖွဲ့ခေါင်းဆောင် ကိုသံမဏိက ပြောသည်။

စစ်ကောင်စီတပ်သားများ မုံရွာ-သာစည်လမ်းမပေါ်ရှိ ကျောက်စစ်ပုံရွာတွင် ဖဲရိုက်ပြီး ပြန်လာသည်ကို သတင်းရသဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် စောင်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာမှာ အမြောက်တပ်နှင့် နီးနေသည့်အပြင် ပစ်ကွင်းမကောင်းသဖြင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ဟု ကိုသံမဏိက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button