သတင်း

PDF ကို ထောက်ပံ့သည်ဆိုကာ ဆေးဝန်ထမ်း တစ်ဒါဇင်ကျော် စစ်ကောင်စီဖမ်း

မန္တလေးမြို့မှ ကထိက၊  ဆရာဝန်နှင့် ဆေးဝန်ထမ်း ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိုသူတို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့မည့် ဆေးပစ္စည်းများ စစ်ကိုင်းတိုင်းအတွင်း ကားတစ်စီးပေါ်တွင် ဖမ်းဆီးရမှုနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲလိုက်သည်။

အောက်တိုဘာလ(၂၇)နေ့က ပုလဲ – ဂန့်ဂေါလမ်းဆုံတွင် ယာဉ်မောင်း ကျော်လွင်ထက် မောင်းနှင်လာသည့် ၆ ဘီးကားကို စစ်ဆေးရာမှ ယာဥ်ပေါ်တွင် ငွေကျပ် ၄၈ သိန်းတန်ကြေးရှိ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများဖြစ်သည့် မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ ကထိက ဒေါက်တာ ဦးမင်းဇော်ဦး၊  မန္တလေးဆေးရုံးကြီး သူနာပြုဆရာမ မဇင်မာဝင်း၊  ဗဟိုအအမျိုးသမီးဆေးရုံ သွားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊  ကုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ဒေါက်တာ ကြည်သဒ္ဓါဖြူနှင့် သူနာပြု ဒေါ်ယွန်းနန္ဒာထွန်းတို့ကို အောက်တိုဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၃၁ ညတွင်လည်း ဒေါက်တာမိုးသီတာလင်းအပါအဝင် ဆရာဝန် ၉ ဦး ဖမ်းဆီးခံရသည်ဟု မန္တလေးမြို့မှ အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးကပြောသည်။ 

ဖမ်းဆီးခံရသည့် ဆရာဝန်များ၏ အချက်အလက်များကိုပြောပြရန်ကိုမူ သူက ငြင်းဆိုသည်။”နောက်ဆက်တွဲ ဖမ်းခံထိတာကိုတော်တော်များတယ်၊  ကျန်တာမပြောလိုတော့ပါဘူး၊ အတော်စိတ်ဆင်းရဲမိတယ်၊  မန္တလေးမှာလည်း တော်လှန်ဆရာဝန်တွေ ကုန်ပြီထင်ပါရဲ့” ဟု ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းတွင် မန္တလေး ၇၈လမ်း ဘူတာကြီးအနီးတွင်တွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများသပိတ်စစ်ကြောင်း။

အဆိုပါဆရာဝန်များ၊  ဆေးဝန်ထမ်များနှင့်အတူ ဆေးပစ္စည်းများ သယ်ဆောင်သွားသည့် ယာဉ်မောင်း ဦးဝေလင်းဦးအပါအဝင် အောင်မြေသာစံမြို့နယ်၊  ရွှေမေတ္တာကားဂိတ်မှ ဂိတ်စာရေး ဦးညီညီလှိုင်၊  ဂိတ်မှူး ဦးစိုးဝင်းထွန်းတို့ကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မတ်လအတွင်းက CDM ပြုလုပ်သည့် အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခြင်း၊  CDM ဆရာဝန်များကို ဆေးကုသခွင့်လက်ခံထားသည့် ဆေးရုံများကို လိုင်စင်ပိတ်သိမ်းမည်ဟု ကြေညာထားခြင်းတို့ကြောင့် မန္တလေးတွင် အလုပ်အကိုင် လက်လွှတ်ရသည့် ဆရာဝန် အရေအတွက် ရာဂဏန်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် CDM ပြုလုပ်မှုရာခိုင်နှုန်း ၈၀ အထိရှိသည်ဟုလည်း သိရသည်။မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက အာဏာသိမ်းဆန့်ကျင်သူ ဒေသခံအများအပြားနှင့် ဆန္ဒပြ တော်လှန်ရေးအဖွဲ့များဆက်တိုက်ဆိုသလိုဖမ်းဆီးခံခဲ့ကြရသည်။ 

စစ်အာဏာရှင်ကို ဆန္ဒပြဆန့်ကျင်သူ သံဃသမဂ္ဂဦးဆောင်ဆရာတော်နှင့် သပိတ်လူငယ်လေးဦး လည်း အောက်တိုဘာ(၃၀)တွင် ဖမ်းဆီးခံလိုက်ရသည်။

အဆိုပါ သံဃသမဂ္ဂ ဦးဆောင်ဆရာတော်ဦးကလျာဏ(ခ)ဦးယောကို ယမန်နေ့အောက်တိုဘာ(၁)ရက် နေ့လယ်ပိုင်းက သံခြေကျင်းခတ်ကာ ကားဖြင့်ခေါ်ဆောင်လာပြီး ၈၄လမ်း၊  ၄၂လမ်း ၄၃လမ်းကြားရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သေးသည်ဟု သိရသည်။ 

Myanmar Nowက ရရှိထားသောစာရင်းအရ ယခုအောက်တိုဘာလကုန် ရက်သတ္တပတ်အတွင်း မန္တလေးတော်လှန်ရေးအင်အားစုမှ ၅ဦး၊ ဆေးဝန်ထမ်း၁၄ဦး၊ ဒေသခံ(၁၀)ဦးကျော် ဖမ်းဆီးခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button