သတင်း

ခန္တီးထောင်ဖောက်ပြေးပြီး ပြန်ဖမ်းခံရသူများ နှိပ်စက်ခံနေရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့ အချုပ်ထောင် ဖောက်ပြီး ထွက်ပြေးသူများအနက် ပြန်လည် ဖမ်းဆီးခံရသူများကို စစ်ကောင်စီက ရိုက်နှက်နှိပ်စက်နေသည်ဟု သိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက အချုပ်ထောင် ဖောက်ပြေးသူ ၁၄ ဦးအနက် ၅ ဦးကို မကြာမီ ပြန်လည်ဖမ်းမိသွားခဲ့သည်ဟု ခန္တီး PDF ပြောခွင့်ရသူက ပြောသည်။ 

အားပုံ၊ ငွေရှန်း၊ ကိယန်၊ သက်ပိုင်စိုးနှင့် ဖိုးချစ်တို့ဖြစ်ပြီး အားပုံဆိုသူ အဖျားရောဂါဖြင့် နေ့ချင်းသေပြီဟု စစ်ကောင်စီ၏ ရဲကြေးနန်းတစ်စောင်က ဆိုသည်။

ကျန် ၄ ဦးမှ တစ်ပတ်ကြာသည်အထိ အချုပ်ထောင်အတွင်း နေ့စဉ် ညှင်းပန်းခံနေရဆဲဖြစ်သည်ဟု မြေပြင်သတင်းများကို ကိုးကား၍ အထက်ပါ ခန္တီး PDF ပြောခွင့်ရသူက အတည်ပြုသည်။

“ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်ကရော၊ ရဲကရော လာစစ်နေကြတယ်။ နှိပ်စက်ပြီးတော့ စစ်တာ၊ အသံ တော်တော်ကျယ်တယ်။ အပြင်ကနေတောင် ကြားရတယ်” ဟု ၎င်းက ပြောသည်။

ပြန်ဖမ်းခံရသူများအနက် ငွေရှန်းနှင့် ကိယန်တို့ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် စွပ်စွဲထားကြောင်း၊ အမှုအကြောင်းကို အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ခန္တီးအချုပ်ထောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ဆက်စပ်ပြီး ဖမ်းခံထားရသူ ၄ဦး၊ PDF ဟု စွပ်စွဲခံရသူ ၃ ဦးရှိသော်လည်း အချုပ်ထောင်ဖောက်ပြေး၍ လွတ်မြောက်သွားသူများထဲတွင် မပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်တမ်းလွတ်သွားတာ တော်လှန်ရေးနဲ့ မပတ်သက်တဲ့သူတွေပဲ လွတ်သွားတာ၊ လွတ်သွားတဲ့ အထဲမှာ နာဂအဖွဲ့က ဖမ်းထားတဲ့သူတွေတော့ ပါတယ်။ အတိအကျတော့ မသိရသေးဘူး”

လွတ်မြောက်သွားသူတို့မှာ ခန္တီးမြို့ ရဲစခန်း အချုပ်ထောင်အိမ်သာရှိ သံတိုင်ကို သံဖြတ်လွှဖြင့် ဖြတ်တောက်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ရဲတပ်သားတစ်ဦးကို ထိုးကြိတ်၍ သေနတ်တစ်လက် ယူသွားသည်ဟု ထိုဖြစ်စဉ်ကို အစီရင်ခံထားသည့် ရဲကြေးနန်းတွင် တွေ့ရသည်။

စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ မြင့်တက်နေချိန်တွင် ထောင်ဖောက်ပြေးမှုများ ဒေသအချို့တွင် ပေါ်ပေါက်နေသည်။

အနီးစပ်ဆုံးအားဖြင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူထောင်မှ PDF အဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်းသား အသက် ၂၀ ဝန်းကျင် လူငယ် ၅ ဦး ထွက်ပြေး လွတ်မြောက်ဖူးသည်။

စက်တင်ဘာ ၂၉ တွင် မန္တလေးထောင်သို့ သွားနေသည့် အချုပ်ကားကို PDF က ဟန့်တားပြီး ကားထဲမှ အကျဉ်းသားအများအပြားကို ကယ်ထုတ်ရန် ကြိုးစားစဉ် ၂ ဦးသာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်အကျဉ်းသားများ ပြန်လည် အဖမ်းခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button