သတင်း

ကော့ကရိတ်တွင် စစ်ရေးတင်းမာနေဆဲ၊ မြဝတီ၌ စစ်တပ်နှင့် BGF များ နေရာအနှံ့ရှိနေ 

ယမန်နေ့ (အောက်တိုဘာ ၂၁) တွင် KNU လက်အောက်ခံ ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သော ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကာ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က မြို့အနှံ့ လုံခြုံရေးယူထားကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ မြောက်ကြာအင်းရွာရှိ ဘုန်းကြီးကျောင်းနှင့် အရပ်သားများရှိရာနေရာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်ကြောင်း KNU လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNLA) မှ အရာရှိတစ်ဦးက ပြောသည်။

“လေယာဉ်က မနေ့က ကော့ကရိတ်တင် မဟုတ်ဘူး။ အာရှလမ်းဘေးက ကုန်းတွေနားထိ ကြဲတာ ရောက်တယ်။ ကော့ကရိတ်ပတ်လည်ရွာတွေကို လက်နက်ကြီးရော လေကြောင်းပစ်ခတ်မှုတွေရော ရှိတယ်”

ကော့ကရိတ်မြို့ ပတ်လည်ရှိ ရွာများအထိပါ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူပေးနေပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုများရှိသော်လည်း အသေးစိတ်အချက်အလက်များ စုဆောင်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီ၏ ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းရွာမှ ဘုန်းကြီးတစ်ပါး ထိခိုက် သေဆုံးကာ ဒဏ်ရာရသူ ၆ ဦးရှိသည်ဟု ဒေသခံတို့ထံမှ နောက်ဆက်တွဲ သိရှိရသည်။

ယမန်နေ့တွင် ကော့ကရိတ်မြို့၌ KNU လက်အောက်ခံ ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

ကရင်ပြည်နယ်မြို့တော် ဘားအံနှင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့တွင်းကို KNU ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပြီး စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့ကို ဝင်ရောက်စီးနင်းခဲ့သည်။ 

ယနေ့တွင်လည်း ကော့ကရိတ်မြို့တွင်း၌ နှစ်ဖက်တပ်ဖွဲ့များ ထိပ်တိုင်ရင်ဆိုင်နေဆဲဖြစ်ကာ စစ်ကောင်စီ နှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့ကင်းစခန်းရှိရာ ကော့ကရိတ်မြို့၊ ကမိုင်ကုန်းမှ ဆုတ်ခွာသွားပြီး မြောက်ကြာအင်းဘက်တွင် တိုက်ပွဲဖြစ်ရန် အလားအလာရှိနေကြောင်း သိရသည်။ 

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့မှ BGF တပ်ဖွဲ့များ ကား ၁၀ စီးဖြင့် ဆင်းလာကြောင်းလည်း အထက်ပါ KNLA အရာရှိက ပြောသည်။​ 

“အခု ကော့ကရိတ်မြို့ထဲမှာတော့ ငြိမ်နေတယ်။ စစ်ကောင်စီနဲ့ BGF တပ်တွေ ရွေကုက္ကိုလ်ကနေ သင်္ကန်းညီနောင်ထိပ်ထိ လုံခြုံရေးတွေ ယူထားတယ်လို့ သိရတယ်” 

ထိုင်း – မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းမှစ၍ လူသွားလူလာရှင်းနေပြီး ဈေးဆိုင်များ ပိတ်ထားဆဲဖြစ်ကြောင်း စစ်တပ်နှင့် BGF က မြို့အနှံ့ နေရာယူထားကာ လုံခြုံရေးကင်းလှည့်နေ သည်ဟု မြို့ခံများထံမှ သိရသည်။​ 

“မနေ့က နေ့လယ်ကနေ အခုထိ မြို့ထဲမှာ ရှင်းနေတုန်းပဲ။ စစ်တပ်နဲ့ BGF တွေ နေရာအနှံ့ပဲ။ လူတွေလည်း ကြောက်နေကြတာတွေရှိတယ်။ ဆိုင်တွေလည်း မဖွင့်ရဲကြဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။​

မြဝတီမှ ကရင်ပြည်နယ်မြို့တော် ဘားအံသို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီး ပိတ်ထားသည်မှာ လေးရောက်မြောက် ရှိလာပြီဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးအရ ဆုံးရှုံးမှုများရှိလာသည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။

“ဒီလောက်ကြာလာပြီဆိုတော့ ကြာရှည်မခံတဲ့ ကုန်ပစ္စည်းတွေပျက်စီးမှုက အရမ်းများနေလောက်ပြီ။ မြန်မာပြည်ကနေ မဲဆောက်ကို သယ်တဲ့ ကုန်ပစ္စည်းတွေမှာ ဆုံးရှုံးမှုတန်ဖိုး ပိုမြင့်လောက်တယ်။ မြန်မာပြည်ကနေ စားသောက်ကုန်ယူရောင်းတဲ့သူတွေ အရမ်းများလာတာကြောင့်ပါ” ဟု မြဝတီ-မဲဆောက် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူ ထိုကုန်သည်က ပြောသည်။

ယခုလ ၁၇ ရက်မှစ၍ မြန်မာဘက်ခြမ်း မြဝတီနှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့အကြား ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု သိရသည်။​

ပြီးခဲ့သည့် ဧပြီလအတွင်းက KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများကြောင့် အာရှလမ်းမကြီးကို တစ်လနီးပါး ပိတ်ခဲ့ရပြီး ကုန်တင်ယာဉ် ၁၀ စီးခန့် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်ငါးဦးခန့်လည်း စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button