သတင်း

မန္တလေး ပစ်ခတ်မှုတွင် ပျူခေါင်းဆောင် လွတ်မြောက်သွား

ပြောက်ကျားတိုက်ခိုက်မှု ရှိတတ်သည့် မန္တလေးတွင် ယနေ့ (အောက်တိုဘာ ၁၉) နံနက်အစောပိုင်းက ဒေသတွင်း ပျူစောထီးခေါင်းဆောင်ဟု နာမည်ကျော်သူတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လူအထိအခိုက်မရှိသော်လည်း ကားရှေ့ပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အသက် (၄၅) ဝန်းကျင်အရွယ် ဦးချစ်ကိုကိုသည် ယနေ့မနက်အစောပိုင်းက အောင်မြေသာစံမြို့နယ် (၁၉) လမ်းအနီး ကားမောင်းနှင်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ထိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ချစ်ကိုကိုသည် မန္တလေးမြို့ရှိ မွတ်စလင်မုန်းတီးရေးနှင့် အမျိုးသားရေးအမည်ခံလှုပ်ရှားသူ ဘုန်းကြီး ဦးဝီရသူ၏ နောက်လိုက်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းမှုး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအကြီးအကဲ ဒုဗိုလ်မှုးကြီး ထွန်းဝင်းစိုး၊ ၎င်း၏ လက်ထောက် ဗိုလ်မှုး ဖြိုးဝေအောင်တို့ထံ အနီးကပ်တပည့်ခံယူကာ မန္တလေးမြို့ရှိ နိုင်ငံရေးတက်ကြွသူများနှင့် ဒေသခံတော်လှန်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးရေး၊ သတင်းစုဆောင်းရေးများတွင် မဘသအမာခံများနှင့် ချိတ်ဆက်ကာ လှုပ်ရှားနေသူဖြစ်သည်ဟု သိရသည်။

၎င်းသည် ယခင်က မန္တလေး မဟာအောင်မြေမြို့နေတွင် နေထိုင်သော်လည်း ယခုအခါ မန္တလေးနန်းတွင်းရှိ စစ်တပ်စခန်းတွင် မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရှိရသည်။

“နေအိမ်တွေ ချိပ်ပိတ်၊ ဆေးခန်းတွေ ချိပ်ပိတ်တာတွေ၊ ဖမ်းဆီးမှုတွေမှာဆို ရဲတွေ၊ စစ်သားတွေနဲ့အတူ သူအမြဲပါတယ်။ ပေါ်ပေါ်တင်တင်ကို စစ်တပ်နဲ့ ပူးပေါင်းပြီး လူထုကို အနိုင်ကျင့်နေတာ” ဟု မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့တွင် ပါဝင်သော သူ့ကို UG ခေါ် မြေအောက်လှုပ်ရှားရေးသမားများက စောင့်ကြည့်နေသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“သူ့ကို UG တွေက ချောင်းနေကြတာ ကြာပြီဗျ။ လုပ်ခွင့်မသာသေးလို့။ တကယ့်ကို ဒလန်အကြီးစား၊ ပျူအကြီးစား။ ​လက်နက်လည်း ပေါ်ပေါ်တင်တင် ကိုင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ဘီယာဆိုင်တစ်ခုတွင် ဦးချစ်ကိုကို ဓားဖြင့် ထိုးခံရကာ သေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

သို့သော် ၎င်းက ထိုသတင်း မဟုတ်မှန်ကြောင်း တုံ့ပြန်သည့်အနေဖြင့် အရက်ဝိုင်းတွင် သေနတ်အတိုတစ်လက် ဖြုတ်တပ်ပြနေပုံကို Facebook လူမှုကွန်ရက်တွင် ရုပ်သံလွှင့်တင်ခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း ဖြစ်ကြောင်း မသိရှိရသေးပေ။

ဦးချစ်ကိုကိုသည် အာဏာမသိမ်းမီက မန္တလေးမြို့ရှိ မဘသအဖွဲ့က ပြုလုပ်သည့် ထောက်ခံပွဲများ၊ ဦးဝီရသူလွတ်မြောက်ရေးဆုတောင်းပွဲများ၌ ဦးဆောင် ပါဝင်လေ့ရှိသည်ကို တွေ့ရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အထက်မြန်မာပြည် မျိုးချစ်ရဟန်းတော်များသမဂ္ဂဟူသည့် ဆိုင်းဘုတ်ကိုင်ထားသော ရဟန်းဝတ်နှင့် လူတစ်စုသည် ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း မန္တလေး မဟာမုနိဘုရားရင်ပြင်၌ ဆန္ဒပြကြရာ ထိုလှုပ်ရှားမှုတွင် ဦးချစ်ကိုကို ဦးဆောင်ပါဝင်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button