မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်တောင်ဘက်ကပ်လျက်ရှိ ကုလရွာကြီးကျေးရွာအနီး လက်ပြန်ကြိုးတုပ်ထားသော အလောင်း ၅ လောင်းကို စစ်တပ်က လာရောက်စွန့်ပစ်ပြီး နောက်တစ်နေ့တွင် ပြန်ယူသွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ည ၉ နာရီခန့်တွင် စစ်ကား သုံးစီး ရွာတောင်ဘက်သို့ ရောက်လာပြီး နောက်တစ်နေ့ နံနက် ဒေသခံများ တောင်ယာအသွား ထိုရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“လာတုန်းကတော့ သေနတ် သုံး၊ လေးချက်လောက် ဖောက်သေးတယ်။ ကျွန်တော်တို့ရွာကလည်း ကြောက်တော့ ထွက်မကြည့်ရဲဘူး။ ကားနဲ့ လာချပြီးတော့ ပြန်လှည့်သွားတာ။ မနက်ကျတော့ တောသွားကြရင်း ဟိုနား တစ်လောင်း၊ ဒီနား တစ်လောင်း မြင်ခဲ့တာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။
အသက် ၁၈ နှစ်ခန့် အရွယ် အမျိုးသမီးအလောင်းနှင့် ၃၀ ဝန်းကျင်ခန့် ရှိမည့် အမျိုးသားအလောင်း ၄ လောင်းတို့ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် အထက်ပါသူက ဆိုသည်။
ဒေသခံတချို့က ဝိုင်းဝန်းကြည့်ရှုနေစဉ် စစ်ကား ၃ စီး ရောက်လာသဖြင့် ထွက်ပြေးခဲ့ရပြီး ထိုအလောင်းများကို စစ်သားများက ပြန်သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။
“(အလောင်းတွေမှာ) ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေတော့ မတွေ့ရဘူး။ လက်ကလည်း နောက်ပြန်ကြိုးတုပ်ထားတယ်။ ခြေထောက်နှစ်ချောင်းလည်း ပူးတပ်ထားတယ်။ မျက်လုံးလည်း စည်းထားတယ်။ ခေါင်းပဲ တေ့ပစ်ထားတာ”
အဆိုပါရုပ်အလောင်းများသည် ကုလရွာကြီးဒေသခံများ မဟုတ်သဖြင့် အခြားဒေသမှ အလောင်းများကို PDF များ သတ်ဖြတ်သယောင် စစ်သားများက ကျေးရွာအနီး လာရောက်စွန့်ပစ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့နယ်မှာ PDF က လုပ်သလိုလို ထင်ယောင်ထင်မှားလုပ်သွားတာပါ၊ တကယ်က သူတို့ လုပ်တာ။ စစ်ကားကို မြင်လိုက်ရတဲ့ဒေသခံတွေလည်းရှိတယ်” ဟု ထိုသူက ဆိုသည်။
ရုပ်အလောင်း ၅ လောင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။
ငါန်းဇွန်မြို့ အနောက်ဘက် ၇ မိုင်နီးပါးအကွာ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ကုလရွာကြီးသည် စစ်အာဏာရှင် ဆန့်ကျင်ရေး အားကောင်းသည့်ရွာဖြစ်ပြီး ဒေသခံများကြောက်လန့်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ငါးဇွန်နယ်ထဲမှာဆို ကုလရွာကြီးက တော်လှန်ရေးအုပ်စုနဲ့ စစ်ကောင်စီထောက်တိုင်တွေ ပွတ်တိုက်မှုအများဆုံးဖြစ်တဲ့ရွာပဲ။ ဒေသခံတွေကို တော်လှန်ရေးဆက်မလုပ်ရဲအောင် လုပ်တာပဲ”
ယခုနှစ် ဖော်ဖော်ဝါရီလက ထိုကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဒေသခံတိုက်ခိုက်ရေးအဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ခဲ့သလို အသစ်ထပ်ခန့်သည့် အုပ်ချုပ်ရေးမှူးကိုလည်း ဧပြီလအတွင်းက သတ်ဖြတ်ခဲ့သည်။
မန္တလေးမြို့အပါအဝင် အခြားဒေသများတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် လမ်းမပေါ် အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့ပြီး အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ဆက်စပ်သူများကို အများဆုံး ပစ်မှတ်ထားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



