
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက် ညနေက မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) ကြားဖြတ်တိုက်ခိုက်ခံရပြီး တာဝန်ခံ ကိုအဂ္ဂ (ခ) ကိုသီဟနေစိုး သေဆုံးခဲ့ကြောင်း သိရှိရသည်။
မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ အင်အား ၁၀ ဦးခန့်ရှိ ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းကို ထိုနေ့ မွန်းလွဲပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်တွင် ပလိုင်ကီးကျေးရွာအနီး ကြိုတင်စောင့်ဆိုင်းနေသည့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တွေ့ကြခြင်းဖြစ်သည်ဟု သိရသည်။
MSRO ၏၂၃ နှစ်အရွယ် တာဝန်ခံ ကျည်ထိမှန်၍ လဲကျသေဆုံးခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်ပြီးနောက် အဖွဲ့ဝင်များအားလုံး ဆုတ်ခွာနိုင်ခဲ့သော်လည်း ကိုသီဟနေစိုး၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း MSRO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ယမန်နေ့ညက ပြောသည်။
ကိုသီဟနေစိုးသည် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ လူငယ်တာဝန်ခံလည်း ဖြစ်သည်။
၎င်း၏ ဖခင် ဦးဝနေစိုး ခေါ် ဦးနေဝင်း ဖြစ်ပြီး နိုင်ငံရေးမှုနှင့် အကျဉ်းကျစဉ် ၂၀၀၄ ဇူလိုင် ၂၀ ရက်နေ့က မော်လမြိုင်အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည်။
၎င်း၏ မိခင်ဖြစ်သူမှာလည်း စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေရသည်ဟု MSRO အဖွဲ့ ဝင်များထံမှ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် မွန်ပြည်သူ့စစ်အဖွဲ့နှင့် MSRO အဖွဲ့တို့ ဇီးဖြူသောင်အနီး တိုက်ပွဲဖြစ်ပြီး ကိုသီဟနေစိုး သေဆုံးခဲ့ကြောင်း ယမန်နေ့က ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုနေ့က ဖြစ်ပွားခဲ့သည့် ရေးမြို့နယ် တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

မွန်ပြည်နယ်အခြေစိုက် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် MSRO သည် ရေးမြို့နယ်နှင့် အနီးဝန်းကျင် စစ်ကောင်စီ ဂိတ်စခန်းများ၊ ရဲစခန်းများ၊ ထောက်တိုင်များကို ယမန်နှစ် ၂၀၂၁ နိုဝင်ဘာမှ စတင်၍ တိုက်ခိုက်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလဆန်းအထိ တိုက်ခိုက်မှု ၁၄ ကြိမ် ရှိခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၂၆ ရက်နေ့က ရေးမြို့ရှိ စသုံးလုံးရုံးကို မိုင်းထောင်တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၉ တွင်လည်း ရန်ကုန်-ထားဝယ် အဝေးပြေးလမ်း၊ မလွှဲတောင်လမ်းပိုင်း ရေးမြစ်ကူးတံတားထိပ်ရှိ စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ရေးဒေသတွင် မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO)၊ ရေးဘီလူးအဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေနှင့် ဆက်စပ်နေသည်။
သို့သော် မွန်ပြည်နယ်သည် ၎င်းနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် ကရင်၊ တနင်္သာရီတိုင်းတို့ကဲ့သို့ ခုခံတော်လှန်မှု မပြင်းထန်ဘဲ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့ရှိ KNU နယ်မြေအချို့မှအပ ကျန်နယ်မြေများတွင် တိုက်ပွဲမရှိပေ။
မွန်တိုင်းရင်းသားအများစု ထောက်ခံသည့် မွန်ညီညွတ်ရေးပါတီဝင်အချို့သည်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းခဲ့ကြသည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဗညားအောင်မိုးသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် စစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အဖွဲ့ဝင်ဖြစ်သလို တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမသည်လည်း စစ်ကောင်စီခန့် မွန်ပြည်နယ်စီးပွားရေးဝန်ကြီး ဖြစ်လာသည်။
မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှု မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)