သတင်း

မုံရွာ – မန္တလေးလမ်းမပေါ်တွင် စစ်ကားများ အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် စစ်ကားများကို ယမန်နေ့ (အောက်တိုဘာ ၁၇) က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မ ၃၃ မှ ကား ၁၀ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မြင်းမူမြို့အရှေ့ဘက် မုံရွာ-မန္တလေးလမ်းမပေါ်ရှိ နဘဲကြူးရွာအနီးတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းမူ PDF တာဝန်ခံ ရဲဘော်ခင်သောင်းဆိုသူက ပြောသည်။

ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် စစ်ကားတစ်စီး လုံးဝပျက်စီးသွားပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ၎င်းက ခန့်မှန်းသော်လည်း သီးခြားအတည်မပြုနိုင်ပေ။​

“တစ်စီးကတော့ ထိထိမိရှိတယ်။ ဒီတစ်ခေါက်က လူတင်လာတာ များတယ်။ ထိသူများတယ်။ တစ်ခါတလေကျရင် ရိက္ခာတွေ တင်လေ့ရှိတာ” ဟု ရဲဘော်ခင်သောင်းက ပြောသည်။

ထိုစစ်ယာဉ်တန်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာသို့ ဆက်လက်ထွက်ခွာသွားစဉ် မြင်းမူမြို့အကျော် ချောင်းဦးမြို့နယ်တွင်လည်း မြို့ခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မွန်းလွဲပိုင်း ၃ နာရီခန့်တွင် ချောင်းဦးနှင့် မုံရွာမြို့အကြား ရောက်ရှိလာသည့် စစ်ကားများကို ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။​

“ကျွန်တော်တို့က ချောင်းဦးပိုင်းမှာ တာဝန်ယူဆွဲလိုက်တာ။… ကားတွေ တစ်စီးနဲ့တစ်စီး တွဲသွားတာဆိုတော့ မိုင်းတွေ တောက်လျှောက်ဆွဲလိုက်တယ်။ ထိခိုက်မှုတော့ များမယ်” ဟု ၎င်းက ပြောသည်။

ထိုစစ်ကားများကို ချောင်းဦးမြို့အထွက် မုံရွာ – မန္တလေးလမ်းပေါ်၌ လေးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ကိုဇာနည်သိန်းက ပြောသည်။

“အပြန်အလှန် ပစ်ခတ်တာတွေတော့ မလုပ်ဘူးဗျ။ မိုင်းပဲ ခွဲတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပစ်ခတ်တာမျိုးတော့ ရှိတယ်ဗျ”

ထို့ပြင် ယမန်နေ့ မွန်းလွဲပိုင်း၌ပင် မုံရွာမြို့မှ ထွက်လာသည့် အခြား စစ်ကားလေးစီးကိုလည်း ချောင်းဦးမြို့ အရှေ့ဘက် မြင်းမူမြို့မရောက်ခင် နတ်ရေကန်ရွာအနီး နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း ချောင်းဦး PDF ခေါင်းဆောင်က ပြောသည်။

“၅ ယောက်က (ကားပေါ်မှာ) လဲသွားတယ်။ တစ်ယောက်က ကားပေါ်က ပြုတ်ကျသွားတယ်။ အဲဒီတစ်ယောက်ကိုလည်း ပြန်လာကောက်သွားတယ်။ အလောင်း ၃ လောင်းကိုလည်း နာရေးကားတွေနဲ့ ပြန်လာကောက်သွားတယ်လို့ ပြောတယ်” ဟု ကိုဇာနည်သိန်းက ပြောသည်။​

မုံရွာ – မန္တလေးလမ်းမပေါ် ဖြတ်သန်းသွားလာသည့် စစ်ကားများအပြင် မြင်းမူမြို့အနီး မိုင်းရှင်းထွက်လာသည့် စစ်သားများကိုလည်း ယမန်နေ့မွန်းလွဲပိုင်း၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြင်းမူ PDF ထံမှ သိရသည်။

မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ စစ်သား ၉ ဦးမှာ မြို့အရှေ့ဘက် ၉ မိုင်အကွာ ကန်ဖျား(ကန်ပြား) ရွာဘက်သို့ မိုင်းရှင်းထွက်လာစဉ် PDF က မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သုံးယောက်ကတော့ နေရာမှာတင် တစ်ခါတည်း ပွဲချင်းပြီးတာပေါ့။ သူတို့က ယာဉ်တန်းလာမှာမို့ မိုင်းလာရှင်းတာ။…သူတို့က မြင်းမူမြို့ထဲကနေ ထွက်ပြီး မိုင်းရှင်းတာ။ အရင်က ကားနဲ့ လာရှင်းတာ များတယ်။ ခြေလျင်ထွက်လာပြီး မိုင်းရှင်းတာ” ဟု မြင်းမူ PDF တာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။ 

စစ်သားသုံးဦး ထိခိုက်သွားပြီးနောက် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ 

မြင်းမူ PDF ထံမှ ရရှိသော ရုပ်သံဖိုင်များအတွင် လမ်းပေါ်၌ အရှိန်ဖြင့် မောင်းနှင်နေသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကားအချို့ အတိအကျ ဖောက်ခွဲခံရသည်ကို တွေ့ရှိရသည်။ 

ထိုသို့သော မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်သည့်အပြင် စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။​

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကို ဆက်သွယ်သည့် အဓိကလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်တပ်ယာဉ်များကို ဒေသခံ တော်လှန်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button