
ယခုလ ၁၀ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်စဉ် မတော်တဆပေါက်ကွဲကာ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် Eagle Squadron ဆိုသော အထူးပြောက်ကျားအဖွဲ့ထံမှ သိရသည်။
လက်လုပ် ၄၀ မမ ကို ပစ်ဖောက်ရန် ကြိုးပမ်းစဉ် မတော်တဆပေါက်ကွဲကာ သေဆုံးခဲ့ရသူတစ်ဦးမှာ ပြောက်ကျားအဖွဲ့၏ တပ်စိတ်မှူး ကိုအရုဏ်ဦးဖြစ်သည်ဟု တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“လက်လုပ်ဆိုတော့ Safe မဖြစ်တော့ ကျည်ညပ်ပြီး ကျည်ပြန်အထုတ်မှာ မတော်တဆပေါက်ကွဲတာပါ။ ကျွန်တော်တို့အဖွဲ့က ရဲဘော်တစ်ဦးနဲ့ တခြားအဖွဲ့က ရဲဘော်တစ်ဦး စုစုပေါင်း၂ ဦး ကျဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရကြတဲ့ ရဲဘော်တွေရှိပါတယ်”
အသက် ၃၈ နှစ်အရွယ် ကိုအရုဏ်ဦးသည် ပေါက်ကွဲမှုကြောင့် ဦးခေါင်းပြင်းထန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်နေ့တွင် ၎င်း၏ရုပ်အလောင်းကို မန္တလေးမြို့တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
အရွယ်မရောက်သေးသည့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည့် တပ်စိတ်မှူး သေဆုံးရခြင်းအတွက် ဆုံးရှုံးမှုကြီးမားကြောင်း ထိုပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံကလည်း ဆိုသည်။
“တော်လှန်ရေးစိတ်ဓါတ်ပြင်းပြပြီး ရိုးသားတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ပါ။ မတရားအာဏာသိမ်းတာကို သူ သဘောမကျဘူး။ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် မီးရှို့တာကိုလည်း သူ သဘောမကျလို့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။
“ရဲဘော်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရသလိုပေါ့။ အားထားရတဲ့ တစ်ယောက်ဆိုလည်း မမှားဘူးဗျ။ သူ့ကျဆုံးမှုကို အမြဲအမှတ်ရနေပြီး ဒီထက်ပိုကြိုးစားပေးမှာပါ”
သေဆုံးခဲ့သည့် အခြားတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒဏ်ရာရသူများအကြောင်းကိုမူ ၎င်းတို့က ထုတ်ဖော် ပြောဆိုလိုခြင်း မရှိပေ။

မန္တလေးတိုင်းအထူးပြောက်ကျားတပ်ဖွဲ့ Eagle Squadron သိန်းငှက်တပ်ခွဲသည် မန္တလေး၊ မတ္တရာ၊ အမရပူရမြို့နယ်များတွင် စစ်ကောင်စီကို တိုက်ခိုက်မှုများ ၆၀ ကျော် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယမန်နှစ် ဒီဇင်ဘာအတွင်းကလည်း လက်လုပ်မိုင်းမတော်တဆမှုဖြင့် အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာမြို့သစ်ရှိ ရထားလမ်းတစ်ခုကို မိုင်းထောင်ရင်း မတော်တဆဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အသက် ၃၀ အရွယ် တပ်ခွဲမှူး ကိုကျော်နိုင်စိုး (ခ) ကိုကျော်နှင့် ၂၁ နှစ်အရွယ် တပ်စိပ်မှူး ကိုရဲမင်းအောင် (ခ) ရဲရဲတို့သည် မန္တလေးမှ ပြင်ဦးလွင်သို့ သွားမည့် စစ်ကောင်စီ၏ထောက်ပို့ရထားကို မိုင်းထောင်ရင်း ပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
“တပ်စိပ်မှူးရဲရဲက ကိုယ်တစ်ပိုင်းပြတ်ပြီး အရှိန်နဲ့ လွင့်ထွက်သွားတာ တစ်စစီပဲ။ ကျွန်တော်တို့ အလောင်း ပြန်မကောက်နိုင်ခဲ့ဘူး။ ကိုကျော်က ဒဏ်ရာပြင်းထန်ပြီး ကျွန်တော်စခန်းမှာပဲ ကျဆုံးသွားခဲ့တာ” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
ယခုနှစ် မေ ၂၄ ကလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကတုံးဆိုသူ မတ္တရာမြို့နယ် ဆည်တော်ချောင်းဘေးတွင် စစ်ကားလာမည့်လမ်းအား မိုင်းထောင်ထားခြင်းကို မိုးရွာ၍ စိတ်မချကာ သွားရောက် စစ်ဆေးရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။
အလားတူ ယခုနှစ် သြဂုတ် ၁၀ ရက်ကလည်း သိန်းငှက်တပ်ခွဲ၏ တပ်ဖွဲ့ဝင် ၁၈ ဦး မန္တလေးမြို့တွင် ဖမ်းဆီးခံရသည်။
ထိုကဲ့သို့ဆုံးရှုံးမှုများဖြစ်ပေါ်ထားသော်လည်း တပ်ဖွဲ့ကို အကောင်းဆုံးပြန်လည်စုဖွဲ့ပြင်ဆင်ကာ စစ်ကောင်စီကို ဆက်လက် တော်လှန်သွားမည်ဟု ဆိုသည်။
“ကျွန်တော်တို့အဖွဲ့ဝင်တွေ ဖမ်းဆီးခံရ၊ ကျဆုံးမှုတွေရှိပါတယ်။သေချာပြန်စုဖွဲ့ပြီးတော့ အကောင်းဆုံးပုံစံနဲ့ ပြန်ပြီး ပွဲထွက်လာမှာပါ။ ပြည်သူတွေကိုလည်း မှာချင်တာက တော်လှန်ရေးက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေကို သိမ်းပိုက်နိုင်မှသာ ပွဲပြီးမှာဖြစ်တယ်ဆိုတာကို သတိပြုပြီး မြို့ပြအဖွဲ့တွေကို ထောက်ပံ့ပေးကြဖို့ မှာကြားချင်ပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုများပေါ်ပေါ်က်လာရာ လက်လုပ်မိုင်းများ၊ လက်နက်များ တီထွင်ဖန်တီး၍ ပြန်ခုခံခဲ့ကြရာတွင် မိုင်းမတော်တဆမှုများကြောင့် ဒေသအသီးသီးရှိ ကာကွယ်ရေးအဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။
မိုင်းနှင့် လက်လုပ် လက်နက်ကြီး မတော်တဆမှုများကြောင့် သေဆုံး ထိခိုက်မှုများရှိနေရာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ကျေးရွာလုံခြုံရေးအတွက် တပ်ဆင်ထားသည့် မိုင်းတစ်ခုကို ဖြုတ်သိမ်းစဉ် မိုင်းမတော်တဆမှုကြောင့် အောက်တိုဘာ ၁၁ နံနက်တွင် သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)