
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို စီးနင်းကာ အရပ်သား ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
မြို့တောင်ဘက် ၇ မိုင်ကျော်အကွာရှိ ငါးလုံးတင်းရွာ၊ တောင်ဘက်ကပ်လျက်ရှိ မထိသာရွာတို့ကို အောက်တိုဘာ ၁၅ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စီးနင်းသည်ဟု ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။
ငါးလုံးတင်တွင် အိမ်ခြေ ၁၅၀၊ မထိသာတွင်လည်း ၈၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် နောက်တစ်နေ့ (အောက်တိုဘာ ၁၆) နံနက်က ထိုရွာများအနီးမှ ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ယင်းနေ့ ညနေက ငါးလုံးတင်ရွာတွင် မီးလောင်ထားသော အလောင်း ၃ လောင်းနှင့် နားထင်ကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရသည်။
မီးလောင်ထားသော ၃ လောင်းမှာ ငါးလုံးတင်ရွာတောင်ပိုင်းရှိ စစ်ကောင်စီတပ် ညအိပ်တပ်စွဲခဲ့သော အိမ်တွင် တွေ့ရှိခြင်းဖြစ်ကာ ပစ်သတ်ခံထားရသည့် အလောင်းကိုမူ ရွာမြောက်ဘက်တွင် တွေ့ရရှိရခြင်း ဖြစ်သည်ဟု ရွာခံတစ်ဦးကလည်း ပြောသည်။
“ရွာသားတစ်ယောက်ပဲ အတည်ပြုလို့ရသေးတယ်။ သူ့ကိုက နားထင်မှာ ပစ်သတ်သွားတာ။ ကျန်တာတွေကတော့ အတည်ပြုလို့မရသေးဘူးဗျ။ ဘာမှ အစအနမကျန်ဘူး။ မီးရှို့ထားတာ။ အလောင်းတွေကို မနေ့က ညနေပိုင်း ၄ နာရီလောက်မှာ တွေ့တာ” ဟု ၎င်းက ပြောသည်။
နားထင်ကို သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ငါးလုံးတင်ရွာသား အသက် ၃၃ နှစ်အရွယ် ဦးရန်အောင် ဆိုသူဖြစ်ပြီး မီးရှို့ခံရသူ ၃ ဦးကို မည်သူမည်ဝါ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဆက်ပြောသည်။
စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်လာ၍ ထွက်ပြေးစဉ် ပျောက်ဆုံးသွားသည့် ရွာသားများလည်း ရှိနေ၍ ထိုသူများကိုလည်း ရှာဖွေနေဆဲဖြစ်သည်ဟု ချောင်းဦး PDF ခေါင်းဆောင်က ဆိုသည်။
“စစ်ကြောင်းဝင်တော့ ရှောင်သွားရင်းနဲ့ မတွေ့သေးလို့ ကျွန်တော်တို့ကို ဆက်သွယ်ပြီး ရှာခိုင်းထားသူတွေရှိသေးတယ်”
ရွာများ မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို လမ်းခရီးတွင် ချောင်းဦး PDF နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော Chaung U Middle Wolves Army (CMWA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးသည်ဟု ထိုအဖွဲ့များက ဆိုသည်။
မီးရှို့ခံရသည့်ရွာများမှ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးလိုအပ်ချက်များရှိနေသလို မီးဘေးသင့် ဒေသခံများအတွက် နေထိုင်စားသောက်ရေးအခက်အခဲဖြစ်နေသဖြင့် ကူညီပေးကြရန် ဒေသခံကာကွယ်ရေးအဖွဲ့ Chaung U Middle Wolves Army က မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ကလည်း ချောင်းဦးမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ မယ်သဲကြိုးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
ထို့ကြောင့် ချောင်းဦးမြို့နယ်တွင် တစ်ပတ်အတွင်း နေအိမ် ၃၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မီးရှို့မှု၊ သတ်ဖြတ်မှုများကို ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းနေသော်လည်း စစ်ကောင်စီတပ်ကမူ ထိုလုပ်ရပ်များ ကျူးလွန်မထားဟုသာ တုံ့ပြန်တတ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)