
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်နှစ်ခုကို ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ် က ဝင်ရောက်စီးခဲ့ပြီး အပြင်းအထန် ရိုက်နှက်စစ်ဆေးခံရသဖြင့် လူငယ်နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးအဂ္ဂဝံသကို လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ၁၂၉ လမ်းနှင့် ၁၃၀ လမ်းကြားရှိ စိတ္တသုခကျောင်းနှင့် သရက်ပင်ကျောင်းကို စီးနင်းခဲ့ခြင်းဖြစ်သည်။
အရပ်ဝတ်လက်နက်ကိုင်များ အပါအဝင် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ည ၁၀ နာရီ အချိန်ခန့်တွင် ကားရှစ်စီးဖြင့် ရောက်ရှိလာကာ အာဏာရှင်ဆန့်ကျင်ရေးဆရာတော် ဦးအဂ္ဂဝံသ သီတင်းသုံးခဲ့သော ကျောင်းတိုက်များကို စီးနင်းခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
“ကျောင်းအုတ်တံတိုင်းကို ကျော်ပီးတော့ ဝင်လာတာ။ ကျောင်းတံခါးတောင် မဖွင့်ဘဲ ဝင်ရှာတယ်။ ဦးဇင်း အရင်နေခဲ့တဲ့ နှစ်ကျောင်း။ ကျောင်းနှစ်ခုက ကပ်လျက်ပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သားများသည် စိတ္တသုခကျောင်းတိုက်အတွင်းရှိ အနော်မာလူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦးကို အပြင်းအထန်ရိုက်နှက်ကာ ကပ်ကြေးဖြင့်ပါ ထိုးကြောင်း၊ သရက်ပင်ကျောင်းတိုက်မှ ဘုန်းကြီးကျောင်းသားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။
“အသင်းမှာ စောင့်နေတဲ့ကောင်လေးကိုလည်း ဒူးထောက်ထိုင်ခိုင်းပြီးမှ နံရိုးတွေကို စစ်ဖိနပ်နဲ့ ကန်တယ်။ ခြေမကို စစ်ဖိနပ်နဲ့ နင်းပြီးတော့ ကျောကုန်းတွေရိုက်တယ်။ ကတ်ကြေးနဲ့ မွှန်းတယ်။ ပါးတွေနားတွေ ရိုက်တယ်။ သရက်ပင်ကျောင်းက ကလေးကိုလည်း ဒူးထောက်ထိုင်ခိုင်းပြီး ပါးတွေနားတွေ ရိုက်သွားတယ်” ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ဆိုသည်။
အပြင်းအထန် ရိုက်နှက်ခံရသည့် လူမှုကူညီရေးအသင်းမှ လူငယ်သည် ဆေးရုံတက်၍ ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် အတန်ငယ်သက်သာလာကြောင်း ၎င်းက ဆက်ပြောသည်။
“နံရိုးတွေတော့ နည်းနည်းအောင့်နေတုန်းပေါ့။ နံရိုးက ဆောင့်ကန်ထားတာတွေ ဒူးနဲ့တိုက်ထားတာတွေ၊ ကတ်ကြေးနဲ့ မွှန်းထားတာတွေ ဒဏ်ရာတွေတော့ နည်းနည်းရှိသေးတယ်”
စစ်ကောင်စီက အသည်းအသန်ရှာဖွေနေသည့် ဦးအဂ္ဂဝံသကို ဆက်သွယ်မေးမြန်းရာတွင် ဘေးအန္တရာယ်ကင်းသည်ဟု ဆိုသည်။
“ခုတော့ ဦးဇင်း အန္တရာယ်ကင်းပါတယ်။ အရင်ကလည်း ဦးဇင်းကို ရှာတယ်။ မတွေ့ရင် ဟိုပတ်ရမ်း၊ ဒီပတ်ရမ်း လုပ်လုပ်သွားတာပေါ့။ အခု အန္တရာယ်ကင်းပါတယ်”ဟု ၎င်းက မိန့်သည်။
ဦးအဂ္ဂဝံသမှာ အာဏာသိမ်းပြီး တစ်လအကြာကတည်းက ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး ၎င်းသီတင်းသုံးခဲ့သည့် ကျောင်းတိုက်ကို စစ်ကောင်စီက သုံးကြိမ်တိုင် စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။
ယခုလဆန်းပိုင်းတွင် ဦးအဂ္ဂဝံသဦးဆောင်သည့် ဆန္ဒပြသပိတ်တွင် ပါဝင်ဖူးသူအချို့ အဖမ်းခံလိုက်ရပြီး အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဆိုသည်။ အဖမ်းခံထားရသူများမှာ အသက် ၄၀ အရွယ် ကိုမောင်ခိုင်ဆိုသူ၊ ၃၀ အရွယ် ကိုသန့်စင်နှင့် ၎င်း၏ဇနီး ၄၀ အရွယ် မဇာခြည်တို့ဖြစ်သည်ဟု သိရသည်။
“သူတို့သတင်း အစအနလည်း မရဘူး။ ဖမ်းခံရတုန်းက ကျန်းမာရေးကောင်းကောင်းမွန်မွန်ရှိတယ်။ သူတို့ လက်ထဲ ရောက်သွားရင်တော့ အတင်းရိုက်နှက်စစ်ဆေးမှာကို ဦးဇင်းတို့ စိုးရိမ်တယ်ပေါ့။ ဘာသတင်းမှ မရတော့ အသက်အန္တရာယ်စိုးရိမ်နေရတယ်” ဟု ဦးအဂ္ဂဝံသက မိန့်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)