သတင်း

စစ်ကောင်စီတပ်က တောင်ကုတ်မြို့ခံ ၄ ဦးကို ဖမ်းဆီး

စစ်ကောင်စီတပ်က အဖမ်းအဆီးကြမ်းနေသော ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ၆ ဦး အောက်တိုဘာ ၁၄ ၌ ဖမ်းဆီးခံရပြီး ၂ ဦးကို ညတွင်းချင်းပြန်လွှတ်လိုက်သော်လည်း ၄ ဦးကို ဆက်ဖမ်းထားသည်ဟု မြို့ခံများက ပြောသည်။ 

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေသူများဖြစ်သော ကြည်ရတနာရွှေဆိုင်ပိုင်ရှင် ပန်းထိမ်ဆရာဦးကျော်ရင်၊ ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးကျန်အောင်၊ ဦးကြာနီအောင်၊ ဦးတင်ဖေ၊ ဂူတာရပ်ကွက်နေ ဦးသန်းနုနှင့် ချောင်းကောက်ရပ်ကွက်နေ ဦးသန်းငွေတို့ ယင်းနေ့တစ်ရက်တည်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ယင်းနေ့ မွန်းတည့်ချိန်၌ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) မှ အရပ်ဝတ်ဖြင့် တပ်ဖွဲ့ဝင်များက ၎င်းတို့ ၆ ဦးအား နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“နေ့လယ်  ၁၂ နာရီဝန်းကျင်လောက်မှာ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားကြတာ။ အဖမ်းခံရသူတွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ မဟုတ်ပါဘူး။ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်နေကြသူတွေပါ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိဘူး” ဟု တောင်ကုတ်မြို့ ဂူတာရပ်ကွက်နေ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ည ၈ နာရီခန့်တွင် ဦးကျော်ရင် နှင့် ဦးတင်ဖေကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၄ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်တွင် စစ်ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး နောက်တစ်ရက် (စက်တင်ဘာ ၁၇) နောက်ပိုင်း စစ်တပ်က ဖမ်းဆီးထားသူ အရပ်သား ၁၃ ဦး ရှိနေကာ လက်ရှိတွင် ၄ ဦးကို ထပ်ဖမ်းထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် တောင်ကုတ်ဒေသခံများကို အကြောင်းမဲ့ဝင်ရောက် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေရာ ပြီးခဲ့သည့် စက်တင်ဘာတစ်လတည်းတွင် ဆရာဝန်တစ်ဦးအပါအဝင် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရသည်။

ဖမ်းဆီးခံရသူများအနက်မှ ဒေါက်တာကျော်သူရထွန်းကို မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားပြီး ပြန်လွှတ်ပေးသူ ၃ ဦးသာ ရှိခဲ့သည်။ ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ရှုထောင့်သတင်းစုံဂျာနယ် သတင်းထောက် ကိုဦးနှင့် ကိုစိုးဝင်းချေ ဆိုသူတို့ကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

“တောင်ကုတ်မှာက ဘယ်သူမှ မလုံခြုံဘူး။ ဘယ်နေ့ ဘယ်အကြောင်းပြပြီး လာဖမ်းမလဲဆိုတာကို အားလုံး စိုးရိမ်နေကြရပြီ။ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေးလုပ်သူတွေကို ဖမ်းတယ်။ အခု စီးပွားရေးလုပ်နေသူတွေကိုပါ လာဖမ်းလာပြီဆိုတော့ အားလုံးက မလုံခြုံတော့သလို ဖြစ်နေတယ်” ဟု ကံပိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာ ၁၄ နံနက်က ရခိုင်တောင်ပိုင်း အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၊ တောင်မော်ကျေးရွာတွင်လည်း ULA မှ တာဝန်ခံတစ်ဦးဟု ဆိုကာ အသက် ၄၀ အရွယ် ဦးဗြားကြီး(ခ)မျိုးမြင့်ဇော် ဆိုသူအား အနီးရှိ စွေ့ချောင်းဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သတ်ပစ်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ရခိုင်ပြည်တောင်ဘက်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စသည့်မြို့နယ်များတွင် နှစ်ပတ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ရှိနေကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ဖြူတွင် ဒေသခံ ၁၈ ဦးကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ပြီး စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ကိုဆလိုင်းကိုအေးနှင့် ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်း၊ ကုလာဘာတောင်ရပ်ကွက်မှ ဦးဝင်းအောင်၊ ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်နှင့် ဦးတင်ညွန့် အပါအဝင် ၆ ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။ ရခိုင့်ဦးဆောင်ပါတီ (AFP)  အကြံပေး ဦးကျော်လွင်ကိုမူ စစ်တပ်က ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ပါတီဘက်က ထုတ်ပြန်ထားသည်။

သံတွဲတွင်လည်း ကိုခင်မောင်သန်း၊ ကိုမျိုးခိုင်ဆိုသူတို့ ဖမ်းခံရပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ပါတီဝင် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေး ဆိုသူတို့လည်း ဖမ်းခံရကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ- ၁၇(၁) ဖြင့် အမှုဖွင့်ခံရသည်။

ရမ်းဗြဲမြို့ ကိုအောင်လင်းထွန်းနှင့် ကိုသက်ခန့်ဇော်၊ ကျောက်တော်မြို့နယ် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အပေါက်ဝရွာမှ ကိုမောင်ချေတို့ ဖမ်းဆီးခံထားရသည်။

ထို့ကြောင့် ရခိုင်တောင်ပိုင်းတွင် အောက်တိုဘာ ၁၆ ရက်အထိ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်တို့၌ ဖမ်းဆီးခံထားရသူ ၄၃ ဦးအထိ ရှိပြီး ၎င်းတို့အနက်မှ အမှုဖွင့်ရသူ ၉ ဦး ရှိကာ အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ရက္ခိုင့်တပ်တော်သည် စစ်အာဏာသိမ်းပြီးနောက်တွင် ရခိုင်တောင်ပိုင်း မြို့နယ်များတွင်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီတပ်ကလည်း စစ်ပွဲရပ်ဆိုင်းချိန်တွင်ပင် တစ်ရွာဝင် တစ်ရွာထွက်ကာ AA ၏ အုပ်ချုပ်ရေးယန္တရားတွင် ပတ်သက်မှုမလုပ်ရန်၊ မထောက်ပံ့ရန် သတိပေးမှုများ ရှိခဲ့သည်။

စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ၂၀၂၂ အတွင်း တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီးမှုများ ရှိလာနေသော်လည်း စစ်ကောင်စီမှ သတင်းထုတ်ပြန်လေ့ မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button