
(ရန်ကုန် – နှစ်လအတွင်း ဒုတိယအကြိမ် ရေကြီးခြင်းကြောင့် လူနာများကို မော်လမြိုင်ဆေးရုံသို့ ရွှေ့ကာ ပိတ်ခဲ့ရသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမတိုက်နယ်ဆေးရုံကို ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အဆိုပါဆေးရုံတာဝန်ခံ ဒေါက်တာဇာနည်အောင်က ယနေ့ Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ရေကြီးမှုကြောင့် ဆေးရုံလျှောက်လမ်းတစ်လျှောက် ရေများ ဝင်ရောက်ခဲ့သည့်အတွက် ဆေးရုံအတွင်းရှိ လူနာများကို မော်လမြိုင်ဆေးရုံသို့ ရွှေ့ပြောင်းစေ ခဲ့ရသော်လည်း ယခု အခြေအနေကောင်းသွားသည့်အတွက် ဆေးရုံတွင် လူနာများ ပြန်လည်လက်ခံနေသည်ဟု ၎င်းက ပြောသည်။
ယမန်နေ့က ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် ဆေးရုံသို့ လာရောက်ကုသမှုခံယူမည့် လူနာများကို ပြန်လည်လက်ခံထားရာ ခုနစ်ဦး ဆေးရုံသို့ တက်ရောက်ကုသခံယူနေပြီဟု ၎င်းက ဆက်ပြောသည်။
“ဆေးရုံရဲ့ အခန်းထဲတွေ၊ ခွဲခန်းထဲတွေအထိတော့ ရေဝင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်လို့များဆိုတဲ့ အခြေအနေကြောင့် ပြီးခဲ့တဲ့တစ်ကြိမ် ရေကြီးတုန်းက ဆေးရုံထဲက လူနာတွေကို ရွှေ့လိုက်ရတာပါ။ အခုတော့ ဆေးရုံအခြေအနေ ပြန်ကောင်းလို့ ပြန်ဖွင့်နေပါပြီ” ဟု ၎င်းက ပြောသည်။
သို့ရာတွင် ရေကြီးစဉ်က မော်လမြိုင်သို့ လွှဲပြောင်းပေးလိုက်ရသည့် လူနာများကိုတော့ ပြန်လည် ရွှေ့ပြောင်းစေတော့မည်မဟုတ်ဟု ဆေးရုံတာဝန်ခံဖြစ်သည့် ၎င်းက ပြောသည်။
မုတ္တမသည် ယခင်အချိန်များက မြန်မာနိုင်ငံတောင်ပိုင်း၏ အထင်အရှားမြို့တစ်ခုအဖြစ် တည်ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ကျေးရွာအဆင့်တွင်သာ ကျန်ရစ်ခဲ့သည်။
ထို့အတွက် အဆိုပါဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် အစိုးရဆီမှ ဘတ်ဂျက်တောင်းခံရာတွင် မြို့အဖြစ် မသတ်မှတ်ထားသည့်အတွက် ကောင်းမွန်စွာ တောင်းခံ၍မရကြောင်း၊ မုတ္တမရှိ ရပ်ကွက်များတွင်လည်း ရေနုတ်မြောင်းများ စနစ်တကျ မရှိခြင်းကြောင့် လမ်းထက်နိမ့်နေသည့် ဆေးရုံ ရေကြီးရခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
ယခုလို နှစ်ကြိမ်တိတိ ရေကြီးခြင်းကြောင့် မုတ္တမ တိုက်နယ်ဆေးရုံကို နှစ်ထပ်အဆောင်အဖြစ် အဆင့်မြှင့်တင်မှရမည်ဖြစ်ပြီး ထိုကိစ္စအတွက် ယခုအချိန်ကတည်းက စတင်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
လာမည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် အဆင်မပြေတော့သော်လည်း ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာတွင် တိုက်နယ်ဆေးရုံကို အဆင့်မြှင့်တင်နိုင်ရန်ပါ ဆောင်ရွက် မည်ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“ကျွန်မတို့ ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးကိုယ်တိုင် လာကြည့်ပြီး ဒီဆေးရုံကို နှစ်ထပ် အဆင့်မြှင့်မှ ရမယ်လို့ ပြောသွားတယ်။ ကျွန်မကလည်း ဒါကို တင်ပြထားတယ်။
ပြီးခဲ့တဲ့လပိုင်းက ပထမအကြိမ် ရေကြီးတုန်းကလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် လာကြည့်သွားတယ်။ အဲ့ဒီအတွက် ကျွန်မအနေနဲ့ ဒီနှစ်ဘတ်ဂျက်ထဲ အဆင်မပြေတော့ပေမဲ့ နောက်နှစ်လာမယ့် ဘတ်ဂျက်မှာ ဒီကိစ္စကို မပါမဖြစ် ဦးစားပေးလုပ်ဖို့ အခုကတည်းက စတင်လုပ်သွားမယ်။ ပြည်ထောင်စုဝန်ကြီးကို ဒီနှစ်ကတည်းက ဒါကို ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်” ဟု မိကွန်ချမ်းက ပြောသည်။
ပေါင်မြို့နယ်အတွင်းရှိ မြေနိမ့်ရပ်ကွက်များတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများကို တူးဖော်နေကြောင်း၊ မုတ္တမဆေးရုံပတ်ဝန်းကျင်ရှိ ရေမြောင်းများကိုလည်း ဆေးရုံဝင်းအတွင်းသို့ ရေမဝင်ရောက်စေရန် တူးဖော်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ယမန်နေ့က 7Day သတင်းစာကို ပြောသည်။