သတင်း

ကချင်အစပ် ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိ

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၁) တွင် KIA ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။ 

အရေအတွက် မသိရသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ၎င်းတို့ ပူးပေါင်းအဖွဲ့များဘက်မှ ၆ ဦး သေဆုံးသည်ဟု တိုက်ပွဲတွင် ပါဝင်နေသည့် အင်းတော်-PDF ထံမှ သိရသည်။

နံနက် ၆ နာရီခန့်မှ စတင်ကာ ဗန်းမောက်မြို့နယ် တောင်ပိုင်း ၁၀ မိုင်ခန့်အကွာ နားမော်ရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်များအပြင် စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အထူးတပ်ဖွဲ့တစ်ခုလည်း ပါဝင်တိုက်ခိုက်သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ဘက်က ၆ ယောက် ကျတယ်။ စစ်ကိုင်းအထူးတပ်က ကျတာ။ ညတပ်စိတ် တစ်စိတ်စာနီးပါး ကျသွားတာပေါ့။ ကျန်တဲ့အဖွဲ့ဝင်တွေတော့ ကျတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများကို အနီးနားရှိ ပေါက်နယ်ကုန်းရွာသုသာန်တွင် မြှုပ်နှံခဲ့ကြပြီး ထိုရွာ၌ပင် ညအိပ်ခဲ့သည်ဟု သိရကြောင်း ဒေသခံများကို ကိုးကား၍ အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် ကစဉ့်ကလျား ဆုတ်ခွာသွားသည့်အတွက် ကျည်ဆန်နှင့် ဗုံးသီးအများအပြား သိမ်းဆည်းရမိသည်ဟုလည်း ဗန်းမောက်ဒေသတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။​ 

ယခု တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီတပ်မှာ အင်းတော်မြို့နယ်မှ အင်အား ၁၇၀ ပါစစ်ကြောင်းနှင့် ဗန်းမောက်မြို့နယ်မှ တပ်များ စုပေါင်းထားခြင်းဖြစ်ပြီး စုစုပေါင်း အင်အား ၃၀၀ ခန့်ရှိသည်ဟု သိရသည်။

အောက်တိုဘာ ၄ ရက်မှ စတင်၍ ဗန်းမောက်ခရိုင်၊ စီးမော်ရွာနှင့် တောင်ကြီးရွာအနီး တောစပ်များတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နှင့် ၆ ရက်တို့တွင် စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် MI 35 များနှင့် လာရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စီးမော်ရွာနှင့် တောင်ကြီးရွာတို့မှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး တောထဲတွင် စစ်ရှောင်နေသည့် အသက် ၁၀ နှစ်အရွယ် မဖွေးဖွေးခိုင်နှင့် အသက် ၂၀ ခန့်ရှိသည့် မရင်ဌေးတို့နှစ်ဦး စစ်ကောင်စီ မိုင်းကြောင့် သေဆုံးခဲ့သည်။

မီးရှို့ခံရသည့် စီးမော်ရွာမှ နေအိမ်တစ်လုံးအား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စီးမော်၊ ကျောက်အိုင်၊ ပေပင်၊ တောင်ကြီး၊ ကျောက်တန်း၊ လယ်ဦး၊ ချောင်းပေါက်၊ နားမော်၊ ပေါက်နယ်ကုန်း စသည့် ကျေးရွာများမှ ထောင်နှင့် ချီသည့် ဒေသခံများမှာ နီးစပ်ရာ ရွာများ၊ တောတောင်များထဲနှင့် ဗန်းမောက်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်။

“ပြေးကြရတာပဲ၊ မပြေးတဲ့ရွာ မရှိဘူး။ အဲဒီပေါက်နယ်ကုန်းရွာကိုလည်း မီးရှို့မယ်ဆိုပြီးမှ ပြောပြီးမှ မရှို့သွားဘူး။ ကံကောင်းတယ် ပြောရမှာ” ဟု အသက် ၅၀ ခန့်ရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ နံနက်တွင်လည်း ပေါက်နယ်ကုန်းရွာအနီးတစ်ဝိုက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးပစ်သံများကို အနီးအနားရွာများမှပင် ကြားနေရသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

အောက်တိုဘာ ၁၁ အထိ ၈ ရက်တာ တိုက်ပွဲအတွင်း အဆိုပါ စစ်ကြောင်းမှာ အများအပြား သေဆုံးနိုင်ကြောင်း အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ခန့်မှန်းသော်လည်း အတိအကျမသိနိုင်သေးဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ ဗန်းမောက်မြို့အနောက်ဘက် ပင်လည်ဘူးမြို့နှင့် နယ်နိမိတ်ဆက်နေသည့် တောင်တန်းများသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေကြသည့်အတွက် တောတွင်းရှိ KIA, PDF များရှိရာ စခန်းသို့ ဦးတည်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းသည်။

ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူး စသည့်မြို့နယ်များမှာ KIA ၏ တပ်မဟာ(၈) လက်အောက်ခံ ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွင်း KIA နှင့် PDF များ လှုပ်ရှားနေသည့်အတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသအတွင်း PDF  များ၊ ဒေသခံကာကွယ်ရေးတပ်များနှင့်အတူ KIA က ပူးတွဲ စစ်ရေးလှုပ်ရှားမှုများရှိသော်လည်း တရားဝင် ပြောဆိုထားခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button