
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မယ်သဲကြိုးရွာအတွင်း မီးရှို့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ (အောက်တိုဘာ ၁၁) က ဝင်ရောက်တိုက်ခိုက်ရာ စစ်သားအများအပြား ထိခိုက်သေဆုံးသွားသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ နံနက် ၆ နာရီက မြို့အနောက်ဘက် ၂ မိုင်အကွာရှိ ထိုရွာကို အင်အား ၇၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး မီးရှို့ရာ အိမ်ခြေ ၆၀ ထက်မနည်း မီးလောင်ကျွမ်းသွားသည်ဟု ဆိုသည်။
ရွာမီးရှို့သည့် ထိုစစ်ကြောင်းနှင့် မယ်သဲကြိုးရွာနှင့် ကင်မွန်းတော်ရွာအကြား နံနက်မှ ညနေအထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။
“သူတို့က ရွာထဲ ဝင်တာနဲ့ မီးရှို့တာ။ မီးရှို့ပြီးမှ တိုက်ပွဲဖြစ်တာ။ မိုင်းဆွဲတယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်။ ညတွင်းချင်း ကားနှစ်စီးနဲ့ မုံရွာကို (ထိခိုက်ဒဏ်ရာရသူများ) သယ်သွားကြတယ်။ တိုက်ပွဲက မိုင်းဆွဲလိုက်၊ ပစ်လိုက်၊ ဒရုန်းနဲ့ ချလိုက် တစ်နေကုန်ပဲ” ဟု ပြောသည်။
တစ်နေကုန် ဆက်တိုက်ပစ်ခတ်မှု မဟုတ်ဘဲ ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ကိုဇာနည်သိန်းက ဆိုသည်။
တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့၏ ရုပ်အလောင်းမျာကို ကင်မွန်းတော်ရွာတွင် ထားခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်သားများ ချောင်းဦးမြို့သို့ ပြန်ဆုတ်သွားရာ လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးခန့် သေဆုံးနိုင်သည်ဟု ၎င်းက ပြောသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို သေဆုံးအရေအတွက်ကိုလည်း သီးခြားအတည်မပြုနိုင်သေးပေ။
ပြည်သူတို့၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုရန် နိုင်ငံတကာက ပြောဆိုနေသော်လည်း စစ်ကောင်စီကမူ အဆိုပါ စစ်ရာဇဝတ်မှုမျိုး ကျူးလွန်ခြင်း မရှိသယောင် တုံ့ပြန်ထားသည်။
ယနေ့ နံနက် ထိုစစ်ကြောင်းသည် မယ်သဲကြိုးရွာအနီး ပြန်ရောက်လာကြောင်း၊ ရွာကို ထပ်မံမီးရှို့လိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း PDF ဘက်က ယူဆနေသည်။
“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူး။ မနေ့က ဝင်မီးရှို့ပြီး ဒီနေ့ တစ်ခါ ထပ်ဝင်နေတယ်” ဟု ကိုဇာနည်သိန်းက ပြောသည်။
ချောင်းဦး PDF အနေဖြင့် မီးရှို့ခံရသည့် မယ်သဲကြိုးရွာအခြေအနေကို အသေးစိတ် မသိရသေးဟု သူက ဆိုသည်။
အိမ်ခြေ ၃၀၀ ကျော်ရှိ မယ်သဲကြိုးရွာကို ယမန်နှစ် မေလ ဒုတိယပတ်က စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းရာ ချောင်းဦးဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။
ချောင်းဦးမြို့နယ် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ခင်မွန်ရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက်က ဝင်ရောက်စီးနင်းစဉ် ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးထားသည့်အနက်မှ ၁ ဦးကို နောက်တစ်ရက်တွင် ပစ်သတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)