
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၁) ညက အစိုးရရုံးနှစ်ခု မီးလောင်ပြီးနောက် စစ်တပ်က ပြန်လည်ပစ်ခတ်စဉ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ည ၉ နာရီခန့်တွင် မြို့မရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် သမဝါယမရုံးတို့ မီးလောင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ မီးလောင်ပြီးနောက် စစ်တပ်က ရမ်းသန်းပစ်ခတ်စဉ် လိုင်လုံးရွာ (Lai Lui) မှ အသက် ၃၀ နှစ်အရွယ် ညန်လျန်ဝုန် (Ninng Lian Vun) ဆိုသူ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ကလေး ၄ ဦး မိခင် ညန်လျန်ဝုန်သည် နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဝီလျံက အတည်ပြုသည်။
“သူတို့ (နေရာ) က ၂၆၉ တပ်ရင်းနဲ့ မဝေးဘူး။ ၂၆၉ တပ်ရင်းနဲ့ အပေါ်အောက်ပဲ။ အပေါ်ကနေ ပစ်တာဆိုတော့ စစ်သားတွေ ပစ်တာ သေချာတယ်” ဟု ကိုဝီလျံက ဆိုသည်။
တီးတိန်မြို့အထွက် တောင်ပေါ်တွင် ခြေလျင်တပ်ရင်း ခမရ (၂၆၉) အခြေစိုက်တပ်စွဲထားခြင်း ဖြစ်သည်။
မီးရှို့ခံရသဖြင့် အခိုင်အခန့် ဆောက်လုပ်ထားသည့် ရုံးအဆောက်အအုံနှစ်ခုလုံး လောင်ကျွမ်း ပျက်စီးသွားသည်ဟုလည်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးရုံးနှင့် သမဝါယမရုံးတို့မှာ တစ်ပြိုင်နက် မီးလောင်ကျွမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့အနှံ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု တီးတိန်မြို့ခံများထံမှ သိရသည်။
“သေနတ်သံကြားတာက မိုးကျသလိုပဲ။ တောက်လျှောက်ပစ်ပြီးတော့မှ ၁၀ နာရီခွဲကျော်လောက်မှ ငြိမ်သွားတာ။ နောက်တစ်ချက် ဖောက်လိုက်၊ လက်နက်ကြီးနဲ့ ဖောက်လိုက်နဲ့က မနက် ၃ နာရီလောက် အထိပဲ” ဟု ကိုဝီလျံက ပြောသည်။
ထိုပစ်ခတ်မှုအတွင်း အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက် ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ အမိုးအကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ အတိအကျသိရှိနိုင်ရန် စာရင်းကောက်ယူနေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြို့မရပ်ကွက်ရှိ မီးလောင်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးရုံးအနီး ယနေ့ (အောက်တိုဘာ ၁၂) နံနက်တွင် စစ်တပ်က လုံခြုံရေးချပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
ခလရ ၂၆၉ အခြေချတပ်စွဲထားရာ တီးတိန်မြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက မြို့တွင်းမှအပ ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားနိုင်သည့်အခြေအနေရှိကြောင်း ZFU တာဝန်ခံက ပြောသည်။
လှုပ်ရှားတိုက်ခိုက်မှု တစ်လနီးပါးကြာ ငြိမ်သက်နေသည့် ဖလမ်းမြို့တွင် အောက်တိုဘာ ၁၀ ရက်၊ ည ၈ နာရီဝန်းကျင်က ရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
“ည ၈ နာရီလောက်မှာ သေနတ်သံ ၇ ချက် ကြားလိုက်ရပါတယ်။ ဒီနေ့မနက်ပိုင်းတော့ မြို့ထဲမှာတော့ အခြေအနေတွေက အေးအေးဆေးဆေးပါပဲ။ လုံခြုံရေးတိုးချထားတာမျိုးလည်း မရှိဘူး” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံရာဒေသဖြစ်သည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မြို့နယ်အလိုက်၊ လူမျိုးအလိုက်စုဖွဲ့ထားသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ အင်အားကောင်းပြီး မြို့ပေါ်မှအပ ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားနိုင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)