
မန္တလေးမြို့တွင် နာမည်ကြီးနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး ယမန်နေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းက သေနတ်ဖြင့် လေးချက်အပစ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားသည်။
အရပ်ဝတ်လက်နက်ကိုင်အဖွဲ့အဖြစ် စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားလေ့ရှိသော ပျူစောထီးအဖွဲ့မှ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အခြေစိုက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဆန်းဆိုသူ ပစ်သတ်ခံရခြင်းဖြစ်သည်။
တော်လှန်ရေးအဖွဲ့များ၏ စောင့်ကြည့်ခံနေရသည့် ပျူခေါင်းဆောင် ဦးအောင်ဆန်းမှာ အသက် ၄၀ အရွယ်ရှိပြီး မဟာမုနိဘုရားကြီးဝင်းအတွင်း တိုးရွှေမေတ္တာနိဗ္ဗာန်ကုန်ဆိုင် ဖွင့်ထားကြောင်း၊ လမ်း ၈၀ (၄၂ နှင့် ၄၃ လမ်းကြား) ရှိ နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“သူ့နေအိမ်မှာပဲ ပစ်ခံရတာ။ ဒဏ်ရာတွေက အတော်ဆိုးတယ်။ ၄ ချက် ပစ်ခံရတာလို့ ပြောတယ်” ဟု မဟာမုနိဘုရားကြီးအနီး နေထိုင်သူတစ်ဦးက ပြောသည်။
နေအိမ်၌ မည်သို့ ပစ်ခတ်ခံရသည်ကိုမူ အခြေအနေအသေးစိတ် မသိရပေ။
ဦးအောင်ဆန်းသည် ချမ်းမြသာစည်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ လက်နက်ဖြင့် ပြည်သူများကို ခြိမ်းခြောက်နေကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်ကျော်က ၎င်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ဖူးကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“အဲဒီတုန်းက ကောင်မလေးကို စစ်တပ်က အရပ်ဝတ်နဲ့ ပစ်တာလို့ သတင်းတွေထွက်ခဲ့တယ်။ တကယ်က သူ ပစ်လိုက်တာ။ သူ ပစ်လိုက်တာကို မြင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတုန်းက သူ့အမည်၊ သူ့ဓာတ်ပုံနဲ့ လူသတ်ကောင်ဆိုပြီး တင်ကြတာတွေ ရှိတယ်”
ဆက်လက်၍ “ပြောက်ကျားအဖွဲ့တွေက သူ့ကို ချောင်းနေကြတာ အတော်ကို ကြာသွားပြီ။ တစ်နှစ်ကျော်က အကြွေးကို ပြန်ယူလိုက်တဲ့သဘောပါပဲ။ ကျွန်တော်တို့ချမ်းမြသာစည်မှာတော့ ပျူအကြီးတစ်ကောင် အနားယူသွားပါပြီ” ဟု အထက်ပါ မြို့ခံက ဆိုသည်။
ပျူခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်ဆန်းက ဆန္ဒပြအမျိုးသမီးကိုပစ်သတ်ခဲ့သည်ဆိုသော အချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Generation Z Power (GZP) အဖွဲ့နှင့် Mandalay UG Wolf Army တို့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်ကျော်က ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပစ်သတ်ခံရသည့် မြတောင်စစ်ကြောင်းမှ မသူသူဇင်၏သွေးကြွေးကို ပြန်ယူခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နှစ် ဇူလိုင် ၂၇ က မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် မြတောင်စစ်ကြောင်းကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဖမ်းဆီးခံရသူ ၃ ဦးအနက် ဦးခေါင်းကျည်ထိခဲ့သည့် အသက် ၂၅ နှစ်အရွယ် မသူသူဇင် သေဆုံးခဲ့သည်။
မင်းတဲအီကင်းရပ်ကွက်နေ မသူသူဇင်သည် မြတောင်စစ်ကြောင်း၏ရှေ့ဆုံးမှ အလံကိုင်ကာ လိုက်ပါသူဖြစ်ပြီး ထိုနေ့က မဟာမုနိဘုရားအရှေ့မုခ်အနီး ဆန္ဒပြစစ်ကြောင်း ရောက်လာစဉ် ဘုရားအနီးမှ အရပ်ဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရုတ်တရက်ထွက်လာကာ ပစ်ခတ်ပြီးနောက် မသူသူဇင် အပါအဝင် ကျည်ထိမှန်သူ ၃ ဦးလုံးကို ဘုရားစောင်းတန်းအတွင်း ဆွဲယူသွားသည်။
မသူသူဇင်၏အလောင်း ပြန်မရဘဲ ဇူလိုင် ၂၉ တွင် ကွယ်လွန်သူ၏အသုံးအဆောင်များဖြင့် ဈာပနကို အေးရိပ်ငြိမ်သုသာန်၌ မိသားစုက တိတ်တဆိတ် ပြုလုပ်ခဲ့ရသည်။
ထို့နောက် ဦးအောင်ဆန်းသည် ထိုယင်းအမျိုးသမီး သေဆုံးခဲ့မှုတွင် အဓိကလက်သည်ဟု အမည်ထွက်ခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
“ကိုယ်ပြုတဲ့ကံ ကိုယ့်ကံပဲ။ ကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကို သတ်ခဲ့တဲ့သူတွေ။ သွေးကြွေးတွေက ပြန်လာပါပြီ” ဟု မြို့ခံနောက်တစ်ဦးက မှတ်ချက်ပြုသည်။
ယမန်နှစ်အစောပိုင်းက မန္တလေးမြို့တွင် မြတောင်စစ်ကြောင်း၊ သံဃသမဂ္ဂစစ်ကြောင်းအပါအဝင် ဆန္ဒပြစစ်ကြောင်း အများအပြားထွက်ကာ အာဏာသိမ်းမှုကို လက်မခံကြောင်း ထောင်နှင့်ချီသော လူများ ဆန္ဒပြခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)