သတင်း

ဗန်းမောက်တွင် တိုက်ပွဲဆက်၊ ကလေးအပါအဝင် ဒေသခံနှစ်ဦး မိုင်းထိသေဆုံး

တိုက်ပွဲ ဆက်နေသည့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ရွာအချို့ မီးရှို့ခံရပြီး ၁၀ နှစ်အရွယ် ကလေး အပါအဝင် အမျိုးသမီး၂ ဦး မိုင်းထိသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံအချို့က ပြောသည်။

အောက်တိုဘာ ၄ မှ စတင်၍ ဗန်းမောက်မြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ကျေးရွာများအနီး အင်အား ၃၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကသာခရိုင် တပ်ရင်း(၂) ဖြစ်သော အင်းတော်-PDF, ဗန်းမောက်ဒေသကာကွယ်ရေးတပ်များနှင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။

အောက်တိုဘာ ၈ ရက်နေ့က စီးမော်၊ ကျောက်အိုင်၊ ပေပင်၊ တောင်ကြီး စသည့် ကျေးရွာများအရှေ့ဘက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ယမန်နေ့ (အောက်တိုဘာ ၉ ) သီတင်းကျွတ်လပြည့်နေ့တွင်လည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်၊ ရုပ်အလောင်း မြှုပ်နှံထားသည့် နေရာတချို့လည်း တွေ့ရသည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲကတော့ ၄ ရက်နေ့ကနေစပြီး အခုချိန်အထိကို ဖြစ်နေတုန်းပဲ၊ နယ်မြေရှင်းတဲ့အချိန်မှာ သွေးကွက်တွေ၊ မြေပုံတွေ တွေ့ခဲ့ရတယ်၊ ဖြစ်နေတုန်းကလည်း ကစဉ့်ကလျားကို ထွက်ပြေးကြတာ၊ (စစ်သား) ထိခိုက်ကျဆုံးစာရင်း‌တော့ မသိရသေးဘူးဗျ၊ တော်တော်များများ ကျတယ်လို့ သိရတယ်” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စီးမော်၊ ကျောက်အိုင်၊ ပေပင်၊ တောင်ကြီး၊ ကျောက်တန်း၊ လယ်ဦး၊ ချောင်းပေါက် စသည့် ကျေးရွာများမှ ထောင်နှင့် ချီသည့် ဒေသခံတို့မှာ နီးစပ်ရာကျေးရွာများ၊ တောတောင်များထဲနှင့် ဗန်းမောက်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်။

ထိုသို့ တိမ်းရှောင်နေစဉ် ယမန်နေ့ မွန်းလွဲက ကျောက်တန်းရွာမှ ၁၀ နှစ်အရွယ် မဖွေးဖွေးခိုင်နှင့် အသက် ၂၀ ခန့် ရှိသည့် မရင်ဌေးတို့ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းနင်းမိခဲ့သည်ဟု အသက် ၅၀ နှစ်အရွယ် စီးမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖွေးဖွေးခိုင်လေးက မနေ့က ဖြစ်ဖြစ်ချင်း ပွဲချင်းပြီးဆုံးတာ၊ ရင်ဌေးကတော့ ဒီမနက်မှာ ဆုံးသွားတယ်၊ တောထဲမှာ ရှောင်ရင်းတိမ်းရင်းနဲ့ ဖြစ်တာပေါ့ဗျာ၊ တစ်ပြိုင်တည်းဖြစ်ကြတာပဲ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

စက်တင်ဘာ ၄ နှင့် ၆ တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာများနှင့် ရွာအချို့ကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် MI 35 ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး စီးမော်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

စက်တင်ဘာ ၇ တွင်လည်း စစ်ကောင်စီတပ်က ရွာများကို ထပ်မံမီးရှို့ခဲ့ကြပြီး စီးမော်ရွာမှ နေအိမ် အလုံး ၃၀ ကျော်နှင့် တောင်ကြီးရွာမှ အိမ် ၁၀ လုံး ပြာကျခဲ့သည်ဟု သိရသည်။

ပေပင်နှင့် ကျောက်အိုင်ရွာမှ နေအိမ်အချို့ မီးရှို့ခံရသည်ဟု သိရသော်လည်း ပျက်စီးမှုအခြေအနေကို အတိအကျမသိရသေးပေ။

စစ်ကောင်စီတပ်က စီးမော်ရွာတွင် အောက်တိုဘာ ၆ မှ စတင်၍ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ပွဲပြီးသည့်နောက် စီးမော်ရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ လယ်ဦးရွာသို့ ရွှေ့ပြောင်းသွားသည်ဟု သိရသည်။

ယနေ့နံနက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းရှိ၊ မရှိကို သတင်းပေးပို့လာခြင်းမရှိသည့်အတွက် မသိရသေးကြောင်း အင်းတော်-PDF အဖွဲ့က ဆိုသော်လည်း စစ်ကြောင်းထိုးနေသ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည်ဟု အဆိုပါအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ခန့်မှန်းသည်။

စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးသည့်နောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုပင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာသည်။

​KIA နယ်မြေများနှင့် ဆက်စပ်နေသည့် အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်စသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များမှာ တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းတစ်ခုလုံးတွင်လည်း တိုက်ပွဲများ ဆက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button