
ယခုလ ၈ ရက်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အမည်မသိ လူတစ်စုနှင့် အပြန်အလှန် ပစ်ခတ်စဉ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပွဲချင်းပြီးသေဆုံးခဲ့သည်။
မန္တလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ် မြကန်သာရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ အရွယ် ဦးတင်မောင်ဝင်း နေအိမ်၌ ရှိနေစဉ် လူတချို့ လာရောက်လုပ်ကြံစဉ် အပြန်အလှန်ပစ်ခတ်ကြသည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ထောက်ခံစာလုပ်မယ် ဆိုပြီး ရောက်လာတာ။ သူ့ဇနီးက မသင်္ကာလို့ အုပ်ချုပ်ရေးမှူး မရှိဘူး။ မန္တလေးဘက် သွားတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူးက ထွက်လာပြီး သေနတ်နဲ့ စပစ်တယ်။ နှစ်ဖက် အပြန်အလှန်ပစ်ကြတယ်” ဟု ၎င်းက ဆိုသည်။
ဦးတင်မောင်ဝင်းမှာ ရင်ဘတ်၊ လက်တို့၌ ကျည်ထိမှန်ကာ လဲကျသေဆုံးခဲ့ကြောင်းလည်း မြကန်သာရွာသားက ဆက်ပြောသည်။
“ပစ်သံတွေကြောင့် ရွာထဲမှာ တပ်စွဲထားတဲ့စစ်သားတွေ၊ ရဲတွေ ချက်ချင်းရောက်လာတယ်။ လုပ်တဲ့သူတွေတော့ လွတ်တယ်။ အုပ်ကြီးကတော့ ပွဲချင်းပြီးသေသွားတယ်”
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေဆုံးခြင်းနှင့် ပတ်သက်၍ မန္တလေးမြောက်ဘက်ရှိ မတ္တရာမြို့နယ်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Mahar Revolution Force (MRF) အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“သူက ရွာမှာ စစ်ကောင်စီနဲ့ ပေါင်းပြီး ဖိနှိပ်မှုတွေလုပ်တယ်။ ကျွန်တော်တို့ ချောင်းနေတာတော့ ကြာပြီပေါ့နော်။ ရွာထဲမှာက တပ်စွဲထားတော့ မလုပ်သာဘူး။ မနေ့ကတော့ အခွင့်အလမ်းသာတာနဲ့ သွားလုပ်ကြံခဲ့တာ” ဟု ထိုပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ယမန်နေ့ ညပိုင်းတွင် Myanmar Now ကို ပြောသည်။
အုပ်ချုပ်ရေးမှူးလဲကျသွားပြီးနောက် စစ်သားနှစ်ဦး ရောက်လာကာ လိုက်လံပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့သားများ တစ်စုံတစ်ရာ မထိခိုက်ကြောင်း၊ အုပ်ချုပ်ရေးမှူးထံမှ လက်လုပ်သေနတ် တစ်လက် သိမ်းဆည်းရမိသည်ဟုလည်း ၎င်းထံမှ သိရသည်။
“သူ့မိန်းမက မရှိဘူးဘာညာ ပြောတယ်။ ကျွန်တော်တို့က သတင်းတွေ ကြိုရထားတာ ရှိနေတာ သိတော့ အိမ်ထဲကို ဇွတ်ဝင်ဖို့ လုပ်တယ်။ သူက သေနတ်ကိုင်ပြီး ထွက်လာတာ။ သူက အရင်စပစ်တာဗျ”
အုပ်ချုပ်ရေးမှူးအလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကာ ယမန်နေ့က သင်္ဂြိုဟ်သည်ဟု ကျေးရွာဒေသခံများထံမှ သိရသည်။
မတ္တရာမြို့နယ်အခြေစိုက် MRF တပ်ဖွဲ့သည် မန္တလေးမြို့နှင့် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား ရှင်းလင်းခြင်း၊ စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကို ဦးတည်ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။
ယမန်နေ့ မွန်းလွဲပိုင်း၌ပင် မန္တလေး-မိုးကုတ်လမ်းမကြီးဘေး Alpha ဘိလပ်မြေစက်ရုံအနီး စစ်ဆေးရေးဂိတ်နှင့် ဘဲခြံအနီး စစ်ကားအကြီး ၃ စီးအား MRF အဖွဲ့က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။
ပြီးခဲ့သည့် ဩဂုတ် ၂၉ ကလည်း မတ္တရာမြို့နယ်အရှေ့ပိုင်းကင်းရွာ၌ သတင်းပေး မနှင်းစုလှိုင်ကို ရှင်းလင်းခဲ့ပြီး ဩဂုတ် ၁၁ က မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခု၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု MRF အဖွဲ့ထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)