စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ကျေးရွာများကို မီးရှို့နေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု PDF အဖွဲ့နှင့် ဒေသခံများက ပြောသည်။
ဗန်းမောက်နှင့် အင်းတော်မြို့နယ်မှ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့်သည် ဗန်းမောက်အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကျေးရွာများတွင် ယခုလဆန်းမှ စတင်ကာ စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA), ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အင်းတော်ဒေသ တပ်ဖွဲ့ဝင်များ၊ ဗန်းမောက်ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းပြီး အောက်တိုဘာ ၄ မှစတင်ကာ စီးမော်၊ ကျောက်အိုင်၊ ပေပင်၊ တောင်ကြီး စသည့် ရွာများ၏ အရှေ့ဘက် တောထဲတွင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
အောက်တိုဘာ ၄ တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကျောက်အိုင်ရွာအနီးရှိ ကျောက်မဲတောင်အနီးတွင် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးဝန်ခံက ဆိုသည်။
အောက်တိုဘာ ၅ တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကာ အောက်တိုဘာ ၆ ရက်တွင် တောင်ကြီးရွာကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း အင်းတော်-PDF ပြန်ကြားရေးဝန်ခံက ဆိုသည်။
“လေယာဉ်နဲ့ တော်တော်ကြာကြာ ကြဲတာမှာ အိမ်တွေလည်း ထိသွားတယ်၊ ပြီးတော့ အဲဒီနေ့ ညနေရောက်တော့ စီးမော်ရွာကို ဝင်ပြီးတော့ မီးစရှို့တယ်” ဟု ၎င်းက ပြောသည်။
“သူတို့(စစ်ကောင်စီ)ဘက်က ထိခိုက်မှုများလို့သာ လေကြောင်းက တိုက်တာ၊ သူတို့အထိမနာရင် လေကြောင်းက မတိုက်ဘူး”
၃ ရက်ကြာတိုက်ပွဲအတွင်း KIA, PDF ပူးပေါင်းတပ်များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကြောင်းထိုးလာသည့် သတင်းကြောင့် အိမ်ခြေ ၁၅၀ ခန့်ရှိသည့် စီးမော်ရွာအပြင် တောင်ကြီး၊ ကျောက်အိုင်၊ ပေပင် စသည့် ရွာများမှာ ဗန်းမောက်မြို့နှင့် နီးစပ်ရာကျေးရွာများသို့ ယခုလဆန်း ၁ ရက် ၂ ရက်မှစတင်ကာ တိမ်းရှောင်ခဲ့ကြသည်ဟု စီးမော်ရွာသားတစ်ဦးက ပြောသည်။
အောက်တိုဘာ ၇ ရက်ကလည်း စီးမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတို့က ရွာကို မီးထပ်မံရှို့ခဲ့ပြီး မွန်းလွဲပိုင်းအထိ အိမ် ၅ လုံးခန့် မီးလောင်ပျက်စီးနိုင်သည်ဟု ၎င်းက ပြောသည်။
“ဟတ်စကီးရောက်ပြီးမှ မီးထပ်ရှို့နေတာ၊ ကျွန်တော့်အိမ်လည်း မီးထဲပါသွားပြီ။ အိမ်တွေက ဟတ်စကီးပစ်လို့မဟုတ်ဘူး သူတို့က သက်သက်ထပ်ရှို့တာ” ဟု အသက် (၅၀) ခန့်အရွယ် အထက်ပါ စီးမော်ရွာသားက ပြောသည်။
ထို့အပြင် စီးမော်ရွာနှင့် ၂ မိုင်ခန့်သာဝေးသည့် ပေပင်နှင့် ကျောက်အိုင်မှ နေအိမ် ၇ လုံးခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၇ မွန်းလွဲ ၂ နာရီခန့်တွင် အင်းတော်မြို့ရှိ စစ်ကောင်စီစခန်းမှ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများကို သယ်ဆောင်သွားပြီး စီးမော်ရွာမှ စစ်ကောင်စီတပ်များထံ သွားရောက်ပို့ဆောင်ခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၃ ရက်တာ တိုက်ပွဲအပြီး ယမန်နေ့ နံနက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း စီးမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းပေးနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု အင်းတော်-PDF ထံမှ သိရသည်။
စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးသည့်နောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုပင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။
တော်လှန်အား အကောင်းဆုံးဟု ပြောနိုင်သည့် စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အဆက်မပြတ် တိုက်ခိုက်နေပြီး အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်စသည့်မြို့နယ်များတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည်။
စစ်လေယာဉ် သွားရောက် ပစ်ခတ်ခြင်း၊ ပြည်သူတို့၏ နေအိမ်များကို မီးရှို့ခြင်းများနှင့် ပတ်သက်၍ မေးမြန်းလိုသော်လည်း စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်၍ မရဘဲဖြစ်နေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ အကြမ်းဖက်သူတို့ရှိသည့် ပစ်မှတ်များကို လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ နေအိမ်များ မီးရှို့သူများမှာ ယင်းလက်အောက်ခံ တပ်သားများမဟုတ်ကြောင်း ကာကွယ်ပြောဆိုထားသည်။
သို့သော် လွတ်လပ်သည့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် ဒေသခံများကမူ နေအိမ်မီးရှို့သူတို့မှာ စစ်ကောင်စီတပ်သားများဟု ဆိုကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)