စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ၃ ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည့် စစ်ကောင်စီတပ်က ယနေ့ (အောက်တိုဘာ ၇) တွင် အဖမ်းခံရသူတစ်ဦးကို ပစ်သတ်လိုက်သည်ဟု ဒေသအခြေစိုက် PDF များထံမှ သိရ သည်။
အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ ခင်မွန်ရွာကို အောက်တိုဘာ ၅ တွင် စတင်စီးနင်းခဲ့သည်။
ထို့နောက် ရွာအတွင်း တပ်စွဲလိုက်ပြီး ထွက်ပြေးရန် အခြေအနေမပေးသူများကို ဖမ်းဆီးထားသည်၊ ရွာရှိ နေအိမ်တချို့ကို ဖျက်ဆီးပြီး ၄ လုံးကို မီးရှို့သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
“မနေ့က (ရွာကို) မီးရှို့တယ်။ ဒီနေ့ကျတော့ တစ်ယောက်ကို ပစ်သတ်လိုက်တယ်။ လူလတ်ပိုင်းလောက် ကျမယ်။ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်သေးဘူး” ဟု ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများကို ရွာဘုန်းကြီးကျောင်းနှစ်ခုတွင် ခွဲ၍ ချုပ်နှောင်ထားကြောင်း၊ ရွာအနှံတွင် ကင်းပုန်းများဝပ်၍ နေအိမ်တချို့တွင် စက်သေနတ်များ တပ်ဆင်ထားကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထိုစစ်ကောင်စီတပ်သည် ခင်မွန်ရွာအနောက်တောင်ဘက် ၂ မိုင်အကွာရှိ ကျိကုန်းရွာဘက်ကို ယနေ့ နံနက် ၃ နာရီခန့်က လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဖမ်းဆီးခံထားရသည့် အရပ်သားများအနက် အမျိုးသားများကို စစ်ဝတ်စုံဝတ်ပေးထားသည်ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။
“အခုလည်း ယောက်ျားလေးတွေကို စစ်ဝတ်စုံတွေ ဝတ်ပေးပြီး မိုင်းရှင်းခိုင်းနေတယ်။ ကားလမ်းမကြီး ဘေးတစ်ဝိုက်ကို ရှင်းခိုင်းနေတာ” ဟု ချောင်းဦး PDF က ပြောသည်။
“အဖမ်းခံထားရတဲ့သူတွေကို ရိုက်နှက်နေတာတွေလည်း တွေ့တယ်ဗျ။ လူတစ်ယောက်တည်းကို ၆ ယောက်လောက် ဝိုင်းရိုက်နေတာ၊ ဒရုန်းနဲ့ ပတ်ကြည့်တော့ တွေ့တယ်။ အခု အရပ်သားတွေနဲ့ဆိုတော့ ဘာမှ လုပ်မရသေးဘူး”
ထိုသို့ ထောက်လှမ်းနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကင်းထောက်ဒရုန်း ဆုံးရှုံးခဲ့ရသည်ဟု ချောင်းဦး PDF က ဆိုသည်။
လက်ရှိတွင် ခင်မွန်ရွာမှ ထောင်နှင့်ချီသော ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၅ က မုံရွာမြို့တောင်ဘက် ၁၀မိုင်အကွာရှိ မုံရွေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ယင်းညနေမှာပင် ခင်မွန်ရွာကို ဆက်လက်စီးနင်းခဲ့ခြင်းဖြစ်သည်။
မုံရွေးရွာကို စီးနင်းစဉ်က ရွာသား ၁၀၀ ကျော်ကို ရွာဦးဘုန်းကြီးကျောင်းတွင် ဖမ်းဆီးချုပ်နှောင်ခဲ့ကာ စစ်ကြောင်း ရွာမှ ထွက်စဉ် ၁၂ ဦးကို ဖမ်းခေါ်သွားရာ ခင်မွန်ရွာတွင် ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်သည်။
မုံရွေးရွာတောင်ဘက် နှစ်မိုင်ကျော်အကွာရှိ ခင်မွန်ရွာတွင်မူ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးရိုက်နှက်လျက်ရှိပြီး ၃ ရက်မြောက်နေ့တွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ က ခင်မွန်ရွာအနီးတွင် အင်အား ၁၀ ဦးခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲ၍ ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး ချောင်းဦး PDF က သေနတ် ၃ လက် ရရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)