
စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ (အောက်တိုဘာ ၆) ညပိုင်း၌ ချုံခိုတိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။
ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးခန့် မြို့နယ်မီးသတ်ရုံးရှေ့ ရှိနေချိန် ယင်းမာပင်ခရိုင် ပုလဲ PDF တပ်ရင်း ၄ အမှတ် (၁၀) ဒေါင်းနက်- နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အခြေစိုက် Southern YSO PDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီး ၃ လုံးဖြင့် ကနဦးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။
“ကျွန်တော်တို့က မြို့အတွင်းစည်းထဲကို ဝင်တိုက်တာ။ မြို့အတွင်းထဲမှာ ကင်းပတ်နေတာကို ရှေ့ထွက် ပြောင်းတွေနဲ့ အရင်ပစ်ပြီး ဝင်တိုက်တာ” ဟု သူက ဆိုသည်။
အပြန်အလှန် ပစ်ခတ်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် စစ်ကူရောက်လာသည်ဟု သိရသည်။
“ရှေ့ထွက်ပြောင်း သုံးလုံးက တအားထိရောက်တယ်။ ကင်းပတ်လာတဲ့လူတော်တော်များများတော့ သေတယ်။ တိုက်ပွဲကြာလာတော့ တပ်ကူတွေရောက်လာပြီး စက်ကလေးတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းတဲ့အခါကျတော့ (ပစ်တော့) ပြန်ဆုတ်လာကြတယ်” ဟု ကိုအောင်မောင်းက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ထဲမှ ယနေ့ (အောက်တိုဘာ ၇) တွင် ၂ ဦး သေဆုံးကြောင်း အတွင်းသတင်းအရ သိရသည်ဟု ၎င်းက ဆက်ပြောသည်။
ပြန်ဆုတ်စဉ် ပြောက်ကျားအဖွဲ့ဝင်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ဒဏ်ရာ အနည်းငယ် ရခဲ့ကြောင်း Southern YSO PDF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး အခြားသတင်းရင်းမြစ်များထံမှ အတည်ပြုချက် မရနိုင်သေးလို စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပုလဲမြို့နယ်သည် စစ်ကိုင်းတိုင်းတောင်ပိုင်းအစွန်တွင် တည်ရှိပြီး မကွေးတိုင်းနှင့် နယ်မြေထိစပ်နေသလို လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များနှင့် ဆက်စပ်နေသည်။
လက်နက်ကိုင်ပြန်ခုခံမှု တစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီအခြေစိုက်ရာ မြို့ပေါ်များတွင်ပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး PDF နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
မကြာသေးခင်ကလည်း မကွေးတိုင်း၊ ကျောက်ထုမြို့ပေါ်တွင် စက်တင်ဘာ ၁၄ နံနက်က ကင်းလှည့်ထွက်လာသည့် စစ်သားတစ်ဦးနှင့် ရဲတစ်ဦး ပစ်သတ်ခံရသည်။
အောက်တိုဘာ ၄ မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း (ပလောင်) ဒေသ မန်တုံမြို့ပေါ်ရပ်ကွက်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။
အလားတူ ဩဂုတ် ၁၅ က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)