သတင်း

ထားဝယ်နိုင်ကျဉ်းများကို နှစ်ရှည်ထောင်ဒဏ် ထပ်တိုး

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ထပ်တိုးလိုက်သည်။

ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ – ည၊ အသက်သေဆုံး/ထိခိုက်စေမှုဆိုင်ရာ ပုဒ်မ ၅၄ တို့ဖြင့် ၁၀နှစ်၊ လူသတ်မှုနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂ ဖြင့် ၁၀ နှစ် သီးခြားစီ ကျခံစေရန် အောက်တိုဘာ ၅ ရက်တွင် အမိန့်ချခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ထိုလေးဦးကို စစ်ကောင်စီက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဆူပူမှု၊ အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများဖြင့် ထားဝယ်ခရိုင်တရားရုံးက ထောင် ၈ နှစ်မှ ၂၆ နှစ် ချမှတ်ပြီးဖြစ်ကြောင်း ထားဝယ်အကျဉ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူထံမှ သိရသည်။

၎င်းတို့မှာ ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး၊ ကိုမြတ်ကျော်သူတို့ ဖြစ်ကြောင်း၊ ထပ်တိုးအမိန့်ကြောင့် ကိုထွန်းဦး ကျခံရမည့် ထောင်ဒဏ်မှာ ၄၆ နှစ်အထိ ရှိလာပြီး အားလုံးထဲတွင် အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကိုရာဇာထွန်းက ၄၁ နှစ်၊ ကိုမင်းဆက်မှူးက ၂၈ နှစ်၊ ကိုမြတ်ကျော်သူမှာ ၂၉ နှစ်အထိ ထောင်ဒဏ်ရှိလာပြီး ကိုမင်းဆက်မှူးနှင့် ကိုမြတ်ကျော်သူတို့ ဆက်လက်ရင်ဆိုင်ရမည့် အမှုများ ရှိနေသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် ထောင် ၂၈ နှစ် ကျခံနေရပြီး အခြားအမှုများဖြင့် ထပ်မံ ရင်ဆိုင်ရဦးမည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းဆက်မှူး။ ဓာတ်ပုံ – ပေးပို့

အောက်တိုဘာ ၅ ရက်တွင်ပင် အခြားသော စစ်ကောင်စီ ဆန့်ကျင်သူများဖြစ်သည့် ကိုစိုင်းမင်းသူ၊ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်အောင်လတ်နှင့် ကိုအောင်အောင်တို့ကိုလည်း ထားဝယ်ခရိုင်တရားရုံးက ထပ်တိုးထောင်ဒဏ်များ ချခဲ့သည်ဟု DPPN ထံမှ သိရသည်။ ထိုခြောက်ဦး စုစုပေါင်းကျခံရမည့် ထောင်ဒဏ်များမှာ ၁၂ နှစ်မှ ၃၁ နှစ်အထိ ရှိလာမည်ဟု ဆိုသည်။

ထားဝယ်ခရိုင်တရားရုံးက တစ်ရက်တည်းတွင် ထပ်တိုးပြစ်ဒဏ်များချမှတ်ခဲ့သည့် အထက်ပါ နိုင်ကျဉ်း ၁၀ ဦး၏ ယခင်နှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည့် ပုဒ်မများ၊ ဖမ်းဆီးစွပ်စွဲခံရသည့် အခြေအနေများကိုမူ ရှင်းလင်းစွာ အတည်မပြုနိုင်သေးပေ။ မိသားစုနှင့် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ နည်းမျိုးစုံဖိအားပေးမှုကြောင့် နိုင်ငံရေးအမှုများတွင် လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ ရှားပါးနေသဖြင့် စွပ်စွဲခံရသူတို့မှာ ကိုယ်တိုင်တရားရင်ဆိုင်ခဲ့ရသည်ဟု အထက်ပါ DPPN တာဝန်ရှိသူက ပြောသည်။

“သူတို့တွေအတွက် ရှေ့နေတွေက မရှိဘူးခင်ဗျ။ အရင်ကတော့ အခမဲ့လိုက်ပေးတာ။ အခကြေးငွေနဲ့ လိုက်ပေးတာတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ရှေ့နေတွေကိုလည်း တရားစွဲမယ်၊ ထောင်ချမယ်ဆိုပြီး ပြောဆိုလာတာတွေရှိတော့ ရှေ့နေတွေက မလိုက်ပေးရဲကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း နိုင်ကျဉ်းများ ရင်ဆိုင်နေရသည့် ထိုအခြေအနေမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းကဖြစ်ပြီး Myanmar Now ကလည်း သတင်းဖော်ပြဖူးသည်။

ထားဝယ်သို့ အမှုကိစ္စအချို့ဖြင့် မကြာခဏရောက်လေ့ရှိသူ ရန်ကုန်အခြေစိုက်ရှေ့နေတစ်ဦးက တနင်္သာရီတိုင်းအတွင်းရှိ ရှေ့နေများ ဖိအားပေးခံထားရကြောင်း ယခုနှစ်ဆန်းပိုင်းတွင် ပြောသည်။

“သူတို့ကို ဒီလိုမျိုးတွေ မလိုက်ဖို့၊ လိုက်တယ်ဆိုရင် ခြိမ်းခြောက်ခံရတယ်ဆိုတာကို ကျွန်တော်နဲ့ ခင်တဲ့ ရှေ့နေကိုယ်တိုင်က ပြောတယ်။ ခြိမ်းခြောက်ခံရတာတွေရှိတယ်ဆိုတာကို မပြောဖို့ ဖိအားပေးတယ်လို့ ပြောတယ်ဗျ” ဟု ၎င်းက ဆိုသည်။

“ဒီအမှုတွေကို လိုက်ပေးတယ်ဆိုရင် သူတို့လုံခြုံရေးအတွက် အာမမခံဘူးဆိုတဲ့အကြောင်းကိုတော့ ပြောဖူးတယ်ဗျ” ဟု ထိုရှေ့နေက ပြောသည်။

၂၀၂၁ နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်မြို့တို့တွင် ရှေ့နေတချို့ ဝရမ်းထုတ်ခံရကြောင်း၊ ရှေ့နေ ၄ ဦး ဖမ်းဆီးခံရကြောင်း ဒေသအခြေစိုက် သတင်းဌာနတချို့က ဖော်ပြဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းစကတည်းက ဆန့်ကျင်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွင် နာမည်ကျော်သည့် ထားဝယ်ခရိုင်ရှိ အကျဉ်းထောင်တွင် နိုင်ကျဉ်း ၄၀၀ ဝန်းကျင်ရှိနေကြောင်း DPPN စာရင်းက ဆိုသည်။

အမိန့်ချခံရပြီးသည့် အကျဉ်းသူ ၄၅ ဦး၊ သေဒဏ်ကျခံထားရသူ ၂ ဦး အပါအဝင် အကျဉ်းသား ၂၀၁ ဦး ရှိကြောင်း၊ တရားရင်ဆိုင်နေရဆဲ ၁၅၀ ဝန်းကျင်ရှိကြောင်း ထိုစာရင်းတွင် ပါဝင်သည်။

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် ထောင် ၄၁ နှစ် ကျခံနေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာဇာထွန်း။ ဓာတ်ပုံ – ပေးပို့

ကိုဗစ်ကပ်ရောဂါ အကြောင်းပြ၍ ထောင်ဝင်စာတွေ့ခွင့်မပြုသဖြင့် ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူများ၏ အခြေအနေကို သိရခက်ခဲသည်ဟု အထက်ပါ DPPN တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ထားဝယ်ထောင်အတွင်း ကျန်းမာရေးစောင့်ရှာက်မှုလုံလောက်စွာမရ၊ စားရေးသောက်ရေး ချို့တဲ့သည့် ပြဿနာများနှင့် နိုင်ကျဉ်းတို့ ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၄ ရက် စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်တွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂၀၀၀ ကျော်၊ ဖမ်းခံထားရသူ ၁၃၀၀၀ နီးပါးရှိနေပြီဟု သိရသည်။ ထိုအထဲတွင် သေဒဏ်ချခံရသူ ၄၀ ကျော်ရှိသည်။

ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားအရပ်သား ၂ ဦးကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင် လွန်ခဲ့သော လပိုင်းအတွင်း စစ်ကောင်စီက ကွပ်မျက်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button