အောက်တိုဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၆ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ထိုနေ့ နံနက် ၁၀ နာရီခန့်က အင်အား ၂၀၀ ခန့်ဖြင့် ကသာမြို့တွင်းမှ ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းထိသွားသော နေရာမှာ မင်္ဂလာသုခကျေးရွာအနီးဖြစ်သည်ဟု ကသာ (ပကဖ) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သာစည်အကျော် မင်္ဂလာသုခ မရောက်ခင် တောစပ်တွေရှိတယ်။ အဲဒီတောစပ်တွေထဲမှာ ထောင်ထားတဲ့ တိုက်မိုင်းကို တိုက်မိပြီး ကွဲတာ၊ အဲဒီနေ့က သူတို့တန်ပြန်လုပ်မှာစိုးလို့ သွားမကြည့်ခဲ့ရဘူး။ သေဆုံးတာ ဘာညာတော့ မသိရဘူး၊ ဒဏ်ရာတွေတော့ ကျိန်းသေရမှာပဲ” ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းမှာ မင်္ဂလာသုခရွာတွင် ညအိပ်ခဲ့ပြီး ယမန်နေ့ (အောက်တိုဘာ ၅) နံနက် စစ်ကြောင်းပြန်ထွက်သည့်အချိန် မင်္ဂလာသုခရွာအနီးရှိ တောင်ယာတဲများတွင် တောတောင်ယာလုပ်နေသည့် ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ယနေ့ နံနက်အထိ အဆိုပါ ဒေသခံများ ပြန်လွတ်လာခြင်းမရှိသေးသလို စစ်ကြောင်းရောက်ရှိနေသည့် နေရာကိုလည်း အတိအကျမသိရသေးကြောင်း ကသာ (ပကဖ) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဒေသခံပြည်သူတွေကို သူတို့က တွေ့ရင် တွေ့တဲ့နေရာတင် ဖမ်းပြီး တောက်လျှောက်ခေါ်သွား၊ တချို့ဆို လေး၊ ငါးရက်လောက် ကြာတဲ့အထိကို ဖမ်းထားတာ။ အဲဒီလိုဆိုတော့ ဒေသခံတွေက တောင်ယာအလုပ်တွေ လုပ်စရာရှိတာတောင် သွားမလုပ်ရဲဘဲနဲ့ ဒီလိုပဲ နေနေကြရတာ” ဟု သူက ပြောသည်။
စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ကသာမြို့မြောက်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် မင်္ဂလာသုခကျေးရွာအပြင် မက်လင်ချောင်၊ မင်းလယ်၊ သာစည် စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်မှာ လုံခြုံမည်ဟု ယူဆရသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ကသာမြို့နယ်အတွင်း စစ်သားများ ဖမ်းသွားသူ ၆ ဦးတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ကသာမြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ပင်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ အရှေ့ဘက်ကမ်းကို ကူးမဲ့ ကူးတို့ဆိပ်က စက်လှေတွေကို စစ်နေတာရှိတယ်၊ ဘာရှာချင်တာလည်းတော့ မသိဘူး၊ အခုရက်ပိုင်းကတော့ ငြိမ်နေပြန်တယ်” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။
လတ်တလောတွင် အဆိုပါ စစ်ကြောင်းမှာ အထက်ပါ ရွာများ၏ အနောက်ဘက် တောထဲတွင် ပျောက်ကွယ်နေပြီး စစ်ကြောင်းလှုပ်ရှားသည့်သတင်းကို ဆက်စောင့်ကြည့်နေသည်ဟု ကသာ (ပကဖ) အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် ရက်များအတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု နည်းလာသည့်အတွက် ကသာ၊ အင်းတော်၊ ရွှေကူ စသည့်မြို့နယ်များတွင် တိုက်ပွဲများ ငြိမ်သက်နေခဲ့သည်။
အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများ ပစ်သတ်ခံရသည့်အတွက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ ယခင်က ငြိမ်းချမ်းခဲ့သည့် ဒေသများတွင်ပင် ခုခံစစ် ဖြစ်ပေါ်နေသည်။
အထူးသဖြင့် စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်တော်လှန်ရေးတွင် အားအကောင်းဆုံး ဒေသကြီးတစ်ခုဖြစ်နေပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းတစ်လျှောက်ရှိ မြို့နယ်များမှာ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လှုပ်ရှားသည့် ကချင်ပြည်နယ်နှင့် နယ်နိမိတ် ဆက်စပ်နေသည်။
လူငယ်အများအပြားသည် KIA နယ်မြေတွင် စစ်သင်တန်း တက်ရောက်ခဲ့ကြပြီးနောက် ယခုအခါ KIA နှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ရင်ဆိုင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)