သတင်း

ပလိပ်ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

လက်နက်ကိုင်အရာရှိ ၂ ဦး တိုက်ခိုက်သတ်ဖြတ်ခံလိုက်ရပြီး လုံခြုံရေး တင်းကျပ်ကာ ဖမ်းဆီးမှုများရှိနေသည့် မန္တလေးတိုင်း၊ စဉ့်ကိုင်၊ ပလိပ်မြို့တွင် စစ်ကောင်စီ တပ်သားများက အရပ်သား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပလိပ်ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက ပလိပ်မြို့ပေါ်တွင် အရပ်သုံးကားဖြင့် သွားလာနေသည့် နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးဇော်ဇော်နိုင်တို့ လိုက်ပါလာသော ကားကို တော်လှန်ရေးပျောက်ကြား ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာတွင် ထိုအရာရှိ ၂ ဦး သေဆုံးခြင်းဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်ပွားသည့် ပေါ်တော်မူဘုရားအနီးဝန်းကျင်ကို စစ်တပ်က ပိတ်ဆို့ ရှာဖွေပြီး လမ်းသွားလမ်းလာများ၊ ဒေသခံများကို ဖမ်းဆီးသလို နောက်တစ်နေ့ ညနေပိုင်းတွင် ဒေသခံတစ်ဦး၊ ပလိပ်လျှပ်စစ်ရုံးမှ CDM ဝန်ထမ်း ကိုအောင်ကိုဝင်းတို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“EPC ရုံးရဲ့ နောက်ကျောကပ်လျက် ရပ်ကွက်ထဲက အမျိုးသားတစ်ယောက်နဲ့ EPC ရုံးကနေ CDM လုပ်ထားတဲ့ ဝန်ထမ်းတစ်ယောက်ကို သတ်သွားတာ၊ ရပ်ကွက်ထဲကို စစ်သားတွေက လာပြီးတော့ ဒီလူနှစ်ယောက် သေသွားတဲ့ကိစ္စကို သတင်းပြန့်တာတွေ့ရင် မင်းတို့ကိုပါ လာသတ်မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်သွားသေးတယ်” ဟု ပလိပ်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ပလိပ်မြို့သည် စဉ့်ကိုင်မြို့နယ်အတွင်း တည်ရှိပြီး၊ မန္တလေးမြို့မှ နာရီဝက်ခန့်သာ ဝေးသည့် မြို့တစ်ခုဖြစ်သည်။ 

အရာရှိ နှစ်ဦး အသတ်ခံခဲ့ရခြင်းအတွက် စစ်ကောင်စီတပ်သားတို့က ကြိမ်းမောင်းနေခြင်းဟုလည်း ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ရပ်ကွက်ကို လာခြိမ်းခြောက်သွားတယ်လို့ ကျွန်တော်တို့ကြားပါတယ်။ ဒေသခံ ပြည်သူလူထုကတော့ ကြောက်နေကြတယ်။ စကစရဲ့ စရိုက်ကလည်း သူတို့တိုက်ခိုက်ခံရရင် အရပ်သားပြည်သူကို ရန်ရှာတတ်တော့ ကြောက်ကြမှာပဲ၊ ကျွန်တော်တို့ ကာကွယ်ပေးနိုင်ဖို့တော့ ကြိုးစားနေပါတယ်” ဟု သူက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အရပ်သားများကို စစ်ကောင်စီတပ်က အဆင်အခြင်မဲ့ ပစ်သတ်မှုများကြောင့် တစ်နှစ်ခွဲအတွင်း ပြည်သူ ၂၀၀၀ ကျော်သေဆုံးသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button