(ရန်ကုန်) —ကျောင်းသုံးဗလာစာအုပ် အပါအဝင် ပညာရေးနှင့်ပတ်သက်သော စာအုပ်စာတမ်းများ ဈေးနှုန်းမြင့်တက်နေရခြင်းမှာ ကုန်ကြမ်းရှားပါးသည့်အတွက် ပြည်တွင်း စက္ကူစက်ရုံ များ လည်ပတ်မှု ရပ်နားထားရခြင်းကြောင့် ဖြစ်ကြောင်း စက္ကူစက်ရုံပိုင်ရှင်များက ပြောသည်။
စွန့်ပစ်စက္ကူဖာများနှင့် စက္ကူများကို ပြန်လည်သန့်စင်ကာ လည်ပတ်နေသည့် ပြည်တွင်းစက္ကူစက်များသည် ကုန်ကြမ်းရှားပါးလာမှုကြောင့် လည်ပတ်မှု ရပ်နားထားရကြောင်း Gold Flower ဗလာစာအုပ်စက်ရုံပိုင်ရှင် ဦးညွန့်အောင်က ပြောသည်။
အကျိုးဆက်အနေဖြင့် ကျောင်းသုံးဗလာစာအုပ်အပါအဝင် ပညာရေးနှင့်ပတ်သက်သောစာအုပ်စာတမ်းများကို ပုံနှိပ်သည့် စက္ကူများ ဈေးတက်ခဲ့ရသည်။
“ဒါကိုပေါ့ပေါ့လေးလို့ တွေးလို့မရဘူး။ တကယ်ထိမှာက ကျွန်တော်တို့ထက် ကျောင်းသားမိဘတွေ” ဟု ဦးညွန့်အောင်က ပြောသည်။
ကုန်ကြမ်းအဖြစ်အသုံးပြုသည့် စက္ကူဟောင်းများကို ပြည်ပသို့ အစားအသောက်နှင့် ထိရှလွယ်သောပစ္စည်းများ တင်ပို့သည့်နေရာများတွင် ကြားခံပစ္စည်းအဖြစ် အများအပြားအစားထိုး အသုံးပြုလာကြသည့်အတွက် ယခုကဲ့သို့ ကုန်ကြမ်းရှားပါးမှု ဖြစ်လာရကြောင်း စက္ကူစက်ပိုင်ရှင်များက ပြောသည်။
“ကျွန်တော်ဆိုရင် ကုန်ကြမ်းကို ပြန်စုနေရတဲ့အချိန် စက်လည်တာကို ခဏရပ်။ ပြည့်ပြီဆိုရင် ပြန်လည် လုပ်နေရတယ်” ဟု ဒဂုံစက္ကူစက်ရုံပိုင်ရှင် ဦးမြတ်သူက ဆိုသည်။
မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူ လုပ်ငန်းအသင်း၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဗလာစာအုပ်နှင့် ပညာရေးနှင့်ပတ်သက်သော စာအုပ်စာတမ်းများအတွက် လိုအပ်သည့် စက္ကူအားလုံး ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစက်ရုံများက ထုတ်လုပ်နေခြင်းဖြစ်သည်။
ကျောင်းသုံး၊ ရုံးသုံး ဗလာစာအုပ်ဈေးနှုန်းသည် သုံးနှစ်အတွင်း မြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် အရည်အသွေးအနိမ့်ဆုံး အမျိုးအစားကို တစ်ဒါဇင်လျှင် ကျပ် ၁,၂၀၀ ဖြင့် ရောင်းချနေ ရကြောင်း၊ အရည်အသွေးမြင့် အမျိုးအစားများမှာ တစ်ဒါဇင်လျှင် ကျပ် ၅,၀၀၀ နီးပါးအထိရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ဈမျဉ်းဆွဲဈေး အနီးတွင် ကျောင်းသုံးပစ္စည်းရောင်းချနေသူ ဒေါ်နှင်းဝတ်ရည်က ဆိုသည်။
ပြည်တွင်းစက်ရုံများ တစ်နှစ်ကျော်ကြာ ကြုံတွေ့နေရသည့် ကုန်ကြမ်းရှားပါးမှုပြဿနာကို လွန်ခဲ့သည့် ခြောက်လကျော်ကတည်းက ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြုလုပ်သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲတွင် တင်ပြခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားလာခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ပျော့ဖတ်နှင့်စက္ကူလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
ထို့ပြင် ပြည်တွင်းစက္ကူ စက်ရုံများလည်ပတ်နိုင်မှု ကျဆင်းလာခြင်းနှင့် ပတ်သက်ပြီး အသင်းအနေဖြင့် ဆောင်ရွက်ထားရှိမှုများကို လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟု မနေ့ (ဇူလိုင် ၁၆ ရက်) တွင် ၎င်းက ဆိုသည်။
တစ်နိုင်ငံလုံးတွင် စက္ကူစက်ရုံပေါင်း ၁၀၀ ကျော်လည်ပတ်နေပြီး တစ်ရူး၊ ဘားဖြူ၊ ဘားပြာ၊ ကျောင်းသုံးစာအုပ်၊ ပါကင်ထုတ်အလှစက္ကူ ၊ လိုင်နာစက္ကူစသည့် စက္ကူအမျိုးအစားများကို ထုတ်လုပ်လျက်ရှိသည်။



