
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်သို့ ပြောင်းရွှေ့လာသော စစ်ကောင်စီတပ်သားများကို အဆက်မပြတ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးမှုများနိုင်ကြောင်း Freedom Rangers-Tamu အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာ ၁၉ ၊ ည ၇ နာရီခန့် တမူးမြို့သို့ ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်း၏ ရှေ့ပြေးတပ်စုကို မြို့နှင့် ၅ မိုင်ခန့်အကွာ မန်မော်နှင့်ထန်းတပင်ရွာအကြား ပဒေသာမိုင်းခွဲပြီး တိုက်ခိုက်ခဲ့သည်ဟု FRT အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထွေကြီးက ပြောသည်။
စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ ၎င်းတို့ဘက်မှ အထိအခိုက်မရှိဟု ဆိုသည်။
ထို့နောက် အဆိုပါစစ်ကြောင်းမှာ တမူးမြို့နယ်အတွင်းရှိသည့် စစ်ကြောင်းနှင့် နေရာလဲလိုက်သည်၊ တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာသည့်စစ်ကြောင်းကို ယမန်နေ့ (စက်တင်ဘာ ၂၆) က ထန်းတပင်နှင့် မန်မော်ရွာကြားတွင်ပင် မိုင်းဆွဲတိုက်ခိုက်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က အဝင်ရော အထွက်ရော ဆွဲလိုက်နိုင်တယ်၊ အခုလာတဲ့ကောင်တွေက တမူးမှာ တာဝန်ထမ်းပြီး ပြန်လာတဲ့ တပ်တွေ၊ အဲဒါကို အပြန်ကို သူတို့ကိုထပ်ဆွဲတာ” ဟု ကိုထွေကြီးက ပြောသည်။
ကလေးမြို့သို့ ပြန်ထွက်မည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်အတွက် ၄ ရက်ခန့် ကြိုတင်ကင်းပုန်းဝပ်ခဲ့ရပြီး ပဒေသာမိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း FRT ဘက်က ဆိုသည်။
ပဒေသာမိုင်းသည် အတန်းလိုက်စီထားသော လက်လုပ်မိုင်းများ တစ်ပြိုင်နက် ပေါက်ကွဲစေသည့်အမျိုးအစားဖြစ်သောကြောင့် ဖျက်အားပြင်းလက်နက်ဖြစ်သည်။
ထိုစစ်ကြောင်းမှာ ရှေ့ဆက်မတက်နိုင်ဘဲ တမူးနှင့် ၅ မိုင်ခန့်အကွာ မန်မော်ရွာတွင် ညအိပ်ရပ်နားထားရသည်၊ ၎င်းတို့ကို ကူညီရန် တမူးမြို့မှ စစ်ကူလာသည့်တပ်များကိုလည်း မြို့အထွက် ၃ မိုင်ခန့်မှပိတ်ကာ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေသည်ဟု သိရသည်။
“ဒီနေ့လည်း သူတို့ (စစ်ကောင်စီ) က ထွက်ဖို့ကြိုးစားတာဗျ၊ တမူးကနေ ထွက်လာပြီး လမ်းမကြီးအတိုင်းမလာဘဲ လမ်းအရှေ့ဘက် ဘုန်းကြီးကျောင်းတွေဘက်က ပတ်လာတာ။ စက်သေနတ်ရော၊ မော်တာတွေပါ ရမ်းသန်းထုနေတာ” ဟု FRT ပြန်ကြားရေးတာဝန်ခံ ကိုထွေကြီးက ပြောသည်။
ယနေ့နံနက်တွင်လည်း တမူးမြို့ပြင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ မြို့ပြင်သို့ ထွက်မလာကြရန်၊ တမူး-ကလေး ကားလမ်း အသုံးပြုမှု ယာယီရပ်ထားရန် တမူး-PDF တပ်ရင်း (၄) က ထုတ်ပြန်ထားသည်။
အဆိုပါ တပ်များကို တမူး-PDF, ကျောင်းသားတပ်မတော် (ABSDF) နှင့် တမူး (ပကဖ) အပါအဝင် တပ်ဖွဲ့ ၆ ခုခန့်က ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်မှ ရှေ့ဆက်မတက်နိုင်သေးကြောင်း တမူး (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ခန့်ရှိပြီး ပျူစောထီး ခေါ် ပြည်သူ့စစ်များပါ ပါဝင်အားဖြည့်ထားသည်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းသည်။
စစ်အာဏာသိမ်းသူတို့က ဆန္ဒပြသူတို့ကို အကြမ်းဖက် သတ်ဖြတ်လာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ မြို့နယ်များတွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းစွာ ပေါ်ပေါက်လာသလို အိန္ဒိယနယ်စပ်မြို့ တမူးမြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)