မေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုရှုမြင်သင့်သလဲ

မိုက်ကယ် လူဘီနာ (Michał Lubina) သည် ပိုလန်နိုင်ငံ ခရက်ကိုးမြို့ Jagiellonian University ရှိ အလယ်ပိုင်းနှင့် အရှေ့ဖျားဒေသပညာသိပ္ပံမှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ အပါအဝင် စာအုပ်ခြောက်အုပ်ရေးသားခဲ့ပြီး ဖြစ်သည်။ သူ၏ ထွက်လာမည့် စာအုပ်အသစ်အမည်မှာ The Moral Democracy: The Political Thought of Aung San Suu Kyi ဖြစ်သည်။ အဆိုပါ စာအုပ် အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုအကြောင်းများနှင့် ပတ်သက်ပြီး The Diplomat မှ Krzysztof Iwanek က တွေ့ဆုံစကားပြောထားသည်။

တစ်ချိန်တုန်းက အနောက်တိုင်းရဲ့ နှင်းဆီခိုင်လေး ဖြစ်ခဲ့တဲ့ အောင်ဆန်းစုကြည်ဟာ လူနည်းစုတွေကို နှိပ်ကွပ်တဲ့ အစိုးရတစ်ရပ်ထဲမှာ ပါဝင်တဲ့အတွက် အခုအချိန်မှာ (ခင်ဗျား စာအုပ်ထဲက စကားအတိုင်းသုံးရရင်) “နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု ရေလှိုင်းလုံးကြီး” နဲ့ ရင်ဆိုင်နေရတယ် ပေါ့။ ခုအချိန်ဟာ စာအုပ်ခေါင်းစဉ်မှာ “ကိုယ်ကျင့်စံများကို လိုက်နာ သော ဒီမိုကရေစီ” ဆိုတဲ့ စာသားပါတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့အချိန် ကောင်း ဟုတ်ရဲ့လား။

ဟုတ်တာပေါ့။ ဒါဟာ ပွဲဆူအောင်လုပ်လိုက်ရုံ သက်သက်မဟုတ်ပါဘူး။ ခေါင်းစဉ်ဟာ သိပ်ကို ပြည့်စုံပါတယ်။ ပထမအနေနဲ့ နိုင်ငံတကာကိုကြည့်ရင် ဒေါ်စုကို ကျော်ကြားအောင် လုပ်ပေးလိုက်တာဟာ ကိုယ်ကျင့်စံအမြင်ပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခါက ကိုယ်ကျင့်စံတန်ဖိုးတွေရဲ့ ပြယုဂ်တစ်ခုပါ။ သူ့ကို နတ်ဘုရားတစ်ပါးအလား အမြင့်နေရာမှာ ထားခဲ့ရာကနေ အောက်ကိုဆွဲချခဲ့တာဟာလည်း (အနည်းဆုံး အနောက်ကမ္ဘာရဲ့အမြင်မှာပေါ့) ဒီ ကိုယ်ကျင့်စံတန်ဖိုး ကိစ္စပါပဲ။ ဒုတိယအချက်ကတော့ ပြည်တွင်းနဲ့ဆိုင်ပြီး ပိုလည်းအရေးကြီးတယ်။ အဲဒါကတော့ ဒေါ်စုရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ သူ့နိုင်ငံရဲ့ မြန်မာဗုဒ္ဓ အတွေးအခေါ် အစဉ်အလာနဲ့ လုံးဝ ကိုက်ညီတဲ့ အမြင်၊ ကိုယ်ကျင့်စံကိုစွဲကိုင်တဲ့ အမြင်ပဲဖြစ်တယ်။

ခင်ဗျားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကအစ ဗုဒ္ဓဘာသာဆိုင်ရာအရေးအသားတွေအဆုံး လေ့လာပြီးတော့ သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အဲဒီအတွေးအခေါ် ပေါ်ပေါက်ရာ ရေခံမြေခံကို ပြန်လည် ဖန်တီးပြခဲ့တယ်နော်။ ကျွန်တော် နားလည်သလို ပြောရရင် ခင်ဗျားအဆိုအရ ဒေါ်စုဟာ ဗုဒ္ဓဝါဒအတွေးအခေါ်တွေကို နိုင်ငံရေးမှာ အသုံးချ ခဲ့တယ်။ ခင်ဗျားအသုံးအရဆိုရင် ဒီမိုကရေစီအယူအဆကို “Buddhicized” လုပ်တယ် (ဗုဒ္ဓဘာသာနဲ့ကိုက်ညီအောင်လုပ်တယ်) ပေါ့။ အဲဒါ ဘာကို ဆိုလိုချင်တာလဲ။

ဆိုလိုချင်တာကတော့ ဒေါ်စုဟာ သူ့နိုင်ငံမှာ တည်ရှိနေလာခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာ အတွေးအခေါ်ရပ်ဝန်းကြီး ထဲမှာပဲ ဒီမိုကရေစီကို ဘယ်လိုအသုံးပြုမလဲဆိုတာကို ကြိုးစားရှာဖွေခဲ့တယ် ပေါ့။ သူ လုပ်သမျှတွေထဲမှာ နိုင်ငံရေးရည်ရွယ်ချက်တစ်ခု ရှိကိုရှိတယ်။ အဲဒါကတော့ သူအာဏာရဖို့ကြိုးပမ်းမှုကို တရားနည်းလမ်းဘောင်ဝင်အောင်လုပ်ဖို့နဲ့ တပ်မတော်ရဲ့ အုပ်ချုပ်ရေး ကို တရားမဝင်အောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ အဲဒီကိစ္စအပေါ်မှာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သက်သက်ဆိုတဲ့ နိုင်ငံရေးရှုထောင့်ကနေပဲ ချဉ်းကပ်ရင်တော့ သူ့အပေါ်တရားမှာမဟုတ်ဘူး။ ဒေါ်စုဟာ ဗုဒ္ဓဘာသာရဲ့ နိုင်ငံရေးဖွင့်ဆိုပုံကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အနက်ပြန်ပြခဲ့တယ်။

အဲဒီ “နိုင်ငံရေးသဘောပါတဲ့ ဗုဒ္ဓဘာသာ” ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုမျိုးစေ့ချရာမှာ အထောက်အကူဖြစ်မယ်လို့ ထင်လား၊ ဒါမှမဟုတ် လက်ရှိအုပ်ချုပ်နေတဲ့စနစ်ကို ဆက်ထိန်းသွားနိုင်အောင်ပဲ ပံ့ပိုးပေးမယ်လို့ ထင်လား။

ခင်ဗျားမေးခွန်းကိုဖြေဖို့ဆိုတာက တော်တော်ခက်တဲ့မေးခွန်းကိုဖြေခိုင်းတာပဲဗျ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမျိုးစေ့ချရာမှာ ဥယျာဉ်မှူးဖြစ်မလား၊ သို့မဟုတ် အတားအဆီးတစ်ခု ဖြစ်မလားလို့ မေးတာမျိုးပဲ။ တချို့ကတော့ ပြောလိမ့်မယ်၊ ဒေါ်စုမှာ ဘယ်လိုပဲ အပြစ်ထောက်ပြစရာတွေ ရှိစေပါစေ သူဟာ တပ်ထက်တော့ အပုံကြီးသာပါတယ်ပေါ့။ တခြားလူတွေကကျတော့လည်း မြန်မာပြည်မှာ ဒီလို NLD နဲ့ တပ်မတော်တို့ရဲ့ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကြောင့်ပဲ မြန်မာ့နိုင်ငံရေးမြင်ကွင်းဟာ အထိုင်ကျသွားတာပါလို့ ထောက်ပြကြ လိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ ဒေါ်စုရဲ့ ဒီမိုကရေစီအပေါ်နားလည်ပုံဟာ အနောက်က နိုင်ငံ(တွေ) နားလည်ပုံမျိုးနဲ့ အတော်လေးကွာတယ်၊ ဒါပေမဲ့လို့ တပ်မတော်ရဲ့ နားလည်ပုံနဲ့ ယှဉ်ကြည့် ပြန်ရင်တော့ ပိုပြီးဘောင်ကျယ်ဝန်းပါတယ်။

ဒီစာအုပ်မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း (ပိုလန်ဘာသာနဲ့) အတ္ထုပ္ပတ္တိတစ်အုပ် ခင်ဗျား ရေးဖူးသေးတယ်နော်။ ခင်ဗျားလည်း သူ့ကို နှစ်ကြိမ်တွေ့ဖူးတာပဲ။ အဲဒီလိုတွေ့ပြီးတဲ့နောက်မှာ ဒေါ်စုဟာ “ဘယ်လိုပဲစဉ်းစားစဉ်းစား” နိုင်ငံရေးသမားတစ်ယောက်ပဲဆိုတာ သဘောပေါက်လာတယ်လို့ ခင်ဗျား ရေးတယ်။ အဲဒီလိုပြောတာဟာ ချီးကျူးတာလား၊ ခါးသီးတဲ့အမှန်တရားတစ်ခုကို စိတ်မကောင်းစွာနဲ့ပဲ လက်ခံလိုက်ရခြင်းလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။

ကျွန်တော် သူနဲ့ နှစ်ခါတွေ့ဖူးပါတယ်။ ၂၀၁၃ မှာတစ်ခါ၊ ၂၀၁၅ မှာတစ်ခါ။ အဲဒီတုန်းက အခြေအနေတွေက တစ်မျိုးပါ။ အဲဒီအထိ ဒေါ်စုဟာ ဖြူစင်မွန်မြတ်တဲ့ သူတော်ကောင်းတစ်ဦး အဖြစ်ပဲ ရှိပါသေးတယ်။ သူ့အပေါ် ဝေဖန်ကြတယ်ဆိုတာဟာလည်း ခုနဲ့စာရင် မပြောပလောက်ပါဘူး။ ၂၀၁၆ နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၇ ဩဂုတ်လ နောက်ပိုင်းမှာတော့ အားလုံး ပြောင်းလဲသွားတာပဲ။ ရိုဟင်ဂျာပြဿနာဟာ နိုင်ငံတကာမှာရှိထားတဲ့ သူ့ရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်တယ်။ ၂၀၁၃ ခုနှစ်တုန်းက ဒေါ်စုဟာ နိုင်ငံရေးသမားလို့ ကျွန်တော် ပြောခဲ့တုန်းက ဒါဟာ အတော်ကိုဖောက်ထွက်တော်လှန်ပြီး ပြောရတာဆိုပေမယ့် ခုကျတော့ ဒီလိုပြောရင် ဘယ်သူမှဘာမှ အထွန့်တက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ အဲဒီ အဆိုက ဘာအဓိပ္ပာယ်လဲ။ ကောင်းပြီ။ ပထမအချက်အနေနဲ့ ဒေါ်စုသည် နိုင်ငံရေးသမားမျှသာပဲ။ ပိုလည်းမပိုဘူး၊ လျော့လည်းမလျော့ဘူး။ ဆိုလိုတာက ဒီနေရာမှာ သူဟာ ကောင်းသလား၊ ဆိုးသလားလို့ မေးနေတာမျိုး မဟုတ်ပါဘူး။ မေးခွန်းက သူဟာ အကွက်မြင်လာဘ်မြင်တဲ့ နိုင်ငံပြုပုဂ္ဂိုလ်တစ်ယောက်လား ဆိုတာပဲ။ ဒုတိယအချက်က ဒေါ်အောင်ဆန်း စုကြည်ဟာ အခါခပ်သိမ်း ဟိုးကနဦးအစကတည်းက နိုင်ငံရေးသမားပဲ။ ဒါကို နားမလည်ကြတဲ့အတွက် သုံးသပ်ပုံတွေ ကောက်ချက်ဆွဲတာတွေ မှားကုန်တာပဲ။ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ လက်သင့်မခံချင် စရာ ပြစ်တင် ရှုတ်ချမှုတွေဟာလည်း အဲဒါကို နားမလည်ကြလို့ပဲ။ တတိယအချက်ကတော့ ဒေါ်စုဟာ အဆင့်ရှိတဲ့ နိုင်ငံရေးသမားပဲ။ သူ့ရဲ့မျိုးရိုး၊ သူ့ရဲ့အဆင့်အတန်းကြောင့်ပဲ သူဟာ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းလူ့အလွှာဝင် နောက်ပေါက်တစ်ဦးဖြစ်လာသလို သူ့ရဲ့ဉာဏ်ရည်အရရော နှလုံးသားအရရော သူဟာ တစ်ခေတ် တစ်ယောက် ဖြစ်လာရပါ တယ်။ စတုတ္ထအချက်အနေနဲ့ကတော့ ဒေါ်စုဟာ ကြေကွဲစရာနဲ့ကြုံရတဲ့ နိုင်ငံရေးသမားပါ။ မိမိနိုင်ငံနဲ့ မိမိမိသားစုအကြားမှာ တစ်ခုကို ရွေးချယ်ခဲ့ရသူတစ်ယောက်ပါ။ ရှေးခေတ်က ပြဇာတ်တွေမှာပါတဲ့ ဇာတ်ကွက်တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရတဲ့ ဘဝဇာတ်ကြောင်းပိုင်ရှင်ဖြစ်အောင် ဒီအချက်ကပဲ သူ့ကိုဖန်တီးခဲ့ပါတယ်။ ဒေါ်စုရဲ့ဘဝဇာတ်စုံအဖြစ်သနစ်တွေဟာ ဆိုဖိုးကလိစ် (ဂရိပြဇာတ်ရေးဆရာ၊ ဘီစီ ၄၉၆-၄၀၆) ရဲ့ ပြဇာတ်တွေပါ ဇာတ်ကောင်တွေရဲ့ကံကြမ္မာဆိုးမျိုးတွေကို ဒီဘက်ခေတ်မှာ ပြန်မြင်ရသလိုပါပဲ။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ပြဿနာကြီးမျိုးကဟာ ဒဏ်ရာရပြီးသားလူကိုထပ်ပြီးနှိပ်စက်လိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့အပေးအယူလုပ်ပြီး နိုင်ငံရေးကစားဝိုင်းမှာ ဝင်ကစားခြင်းအားဖြင့် ထောင်ချောက်ထဲကို တိုးဝင်လိုက်တာပဲလို့ ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲဒီထောင်ချောက်က ဘာလဲ။ အဲဒီကနေ လွတ်နိုင်ဖို့ရော သူ့မှာနည်းလမ်းရှိလား။

တပ်မတော်နဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ရုန်းကန်ကြိုးပမ်းမှုကို အဝေးမြင်မြင်ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအားပြိုင်မှုဟာ အားကြီးသူ (တပ်မတော်) နဲ့ အားသေးသူ (အောင်ဆန်းစုကြည်) တို့ အကြား ဘယ်သူကထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ် လွန်ဆွဲမှုပါပဲ။ နိုင်ငံရေးအရပြောရင် စစ်အစိုးရဟာ အသာစီး ရနေပေမယ့် ဒေါ်စုကို သူတို့ အလဲမထိုးနိုင်ခဲ့ဘူး။ ဒေါ်စုဟာလည်း အရေးနိမ့်တဲ့ဘက်မှာ ရှိနေခဲ့ပေမယ့် လုံးဝ လဲကျမသွားခဲ့ဘူး။ သူဟာ ကစားဝိုင်းထဲမှာပဲ ရှိနေခဲ့တယ်။ တစ်ဖက်စောင်းနင်းကစားဝိုင်းကြီးထဲမှာတော့ ဒီလောက်နဲ့တင် ဒေါ်စုဟာ အကြီးအကျယ်အောင်မြင်မှုရတယ်လို့ ဆိုနိုင်တယ်။ စစ်အစိုးရကို နိုင်ဖို့လောက်လည်း သူမစွမ်းနိုင်၊ ဒါပေမဲ့ ရှုံးနိမ့်လဲကျသွားရလောက်အောင်လည်း သူ့မှာ အားမနည်းပြန်တဲ့ ဒေါ်စုဟာ အချိန်ကောင်းကိုသာစောင့်ဖို့ပဲလို့ ယုံကြည်ခဲ့ရတယ်။ ဒါပေမဲ့လည်း နောက်ဆုံးကျတော့ အပေါ်စီး ရယူသွားနိုင်တာက ဗိုလ်ချုပ်တွေပဲဖြစ်နေတယ်။ ကမ္ဘာ့ အခြေအနေတွေကလည်း ပြောင်းလဲသွားတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေအတွက် တစ်ဖန်အရေးပါလာပြန်တယ် (သယံဇာတ၊ ဈေးကွက်အသစ်၊ တရုတ်ကိုထိန်းနိုင်ရေးဗျူဟာကျသည့်နေရာမှာရှိ)။ ဒီတစ်ခါမှာလည်း ဒေါ်စုဟာ ခက်ခဲတဲ့ရွေးချယ်မှုကို လုပ်ရဖို့ကြုံပြန်တာပဲ။ “သူတော်စင်” နေရာမှာဆက်နေ၊ လူရိုသေရှင်ရိုသေ ခံပြီး နိုင်ငံရေးစည်းရဲ့အပြင်မှာထွက်နေမလား၊ ဗိုလ်ချုပ်ဟောင်းတွေ သတ်မှတ်တဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး နိုင်ငံခြားရဲ့ထောက်ခံမှုရမရမသေချာတဲ့ လမ်းကိုရွေးမလား။ ဒီအနေအထားမှာ နိုင်ငံရေးသမား ဖြစ်တာကြောင့်ပဲ ဒေါ်စုဟာ ဒုတိယတစ်ခုကို ရွေးလိုက်တာပဲ။ သူဟာ ထောင်ချောက်ထဲကို သိသိကြီးနဲ့ ဝင်သွားတာပဲ။ ကောင်းစရာမရှိတဲ့အထဲကနေပဲ အကောင်းဆုံး ဖြစ်အောင် လုပ်ရတော့တာပဲ။ နှစ်ပေါင်း ၂၀ တင်းခံပြီးတဲ့နောက် ဒေါ်စုဟာ မာန်လျှော့လိုက်ရတယ်။ မလွှဲမရှောင်သာတဲ့အရာကို လက်ခံလိုက်ရတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ လွှမ်းမိုးကြီးစိုးမှုဆိုတာကိုပဲ။ အာဏာကိုင်ထားသူတွေ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ကစားဝိုင်းထဲဝင်ဖို့သဘောတူလိုက်တယ်။ ထိပ်တိုက်တွေ့ဆုံရေးကိုစွန့်လွှတ်ပြီး ဗိုလ်ချုပ်ကြီးများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို ရွေးချယ်လိုက်တယ်။ အဲဒီအခါမှာ သူ့အနေနဲ့ အများကြီးကိုအလျှော့အတင်းလုပ်ခဲ့ရပြီး ပိုကာဂိမ်းကစားနည်းဗျူဟာအတိုင်း ရှိသမျှဖဲချပ်အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲအတွက် ပုံအောလိုက်ရ တာပဲ။ ၂၀၁၅ မှာ သူနိုင်တယ်၊ ၂၀၁၆ ကစပြီး တပ်နဲ့နားလည်မှုယူပြီး တိုင်းပြည်ကိုအုပ်ချုပ်တယ်။ ဒါဟာ ဒီ “ထောင်ချောက်” ထဲမှာတော့ သူရနိုင်သ မျှ အမြင့်ဆုံးအမှတ်ပဲ။ ဒီထောင်ချောက်ကနေ သူဘယ်လို ရုန်းထွက် မလဲ ဟုတ်လား။ ကျွန်တော့်အထင် သူဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်နိုင်ဖို့ သေရေးရှင်ရေး အရေးကြီး တယ်လို့ ယုံကြည်ပုံပဲ။ ဒါမှလည်း အရပ်သားအုပ်ချုပ်ရေး၊ အဲ သူ့အုပ်ချုပ်ရေးကို အချိန်တစ်ခုအထိ ဆွဲဆန့်နိုင်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးကကျတော့ ဘယ်သူ ဘယ်ပါတီပဲ တက်အုပ်ချုပ်အုပ်ချုပ် တပ်မတော်ကသာ အရေးပါမြဲပါနေတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီထောင်ချောက်ကနေ ထွက်နိုင်မယ့် ထွက်ပေါက်မရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိစ္စတစ်ရပ်ရပ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ လူသိရှင်ကြား သဘောထားကွဲခဲ့တာမျိုးရှိပါသလား။

အနည်းအကျဉ်းကွဲတာလေးတွေကတော့ ရှိတာပေါ့။ နောက်ပြီး NLD နဲ့ တပ်မတော် သိပ်ပြီး တည့်နေကြတဲ့ ပုံစံလည်း မရှိပါဘူး။ အရပ်သားအစိုးရနဲ့ တပ်ကထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးယန္တရားအကြားမှာ မမြင်ရတဲ့အာဏာလွန်ဆွဲမှု အများကြီးပဲ။ သာဓက အားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလို ကိစ္စမှာ အာဏာလွန်ဆွဲပုံမျိုးပေါ့။ ဒါပေမဲ့လို့ တကယ့် ကိစ္စကြီးတွေမှာတော့ သဘောထားမကွဲပါဘူး။ သူ့အနေနဲ့ ကွဲလို့လည်း မရပါဘူး။ တပ်မတော်ဟာ အစိုးရအပေါ်မှာ အဓိကနေရာတွေကနေ ထိန်းချုပ်ထားဆဲပါပဲ။ ဒါကြောင့်လည်း ဒေါ်စု ဟာ တပ်မတော်နဲ့ ထိပ်တိုက်မတွေ့ရေးကို ဆက်ကျင့်သုံးနေရတယ်။ ဒါကြောင့်လည်း တပ်မတော်ရဲ့ အခွင့်ထူးခံနေရာကို ကလန်ကဆန် သွားမလုပ်ဘူး၊ တပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ဝင်မစွက်ဖက်ဘူး၊ ရိုဟင်ဂျာတို့ရဲ့ဒုက္ခတွေကို မျက်နှာလွှဲထားရတယ်၊ ‘ခရိုနီ’လို့ခေါ်တဲ့ လက်ဝေခံလုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ အခင်အမင်မပျက် ဆက်နေ ရတယ်၊ နိုင်ငံခြားရေး မူဝါဒမှာလည်း ရှိပြီးသားကြားနေမူဝါဒကိုပဲ ဆက်လက်ထိန်းသိမ်းထားရတယ်။

ဆိုတော့ကာ အဓိကကွာခြားချက်ကိုပြောပါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့ သဘောထားပဲပေါ့။ ဟိုတလောကပဲ ဒေါ်စုဟာ ဒီဥပဒေပြင်ရေးကို တင်လာတာတွေ့မိသေးတယ်။ ဒါပေမဲ့လည်း စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးကနေ နောက်ဆုတ်ပြီး အခွင့်ထူးခံတာကို စွန့်လွှတ်ရလောက်အောက်တော့ သိမ်းသွင်းနားချနိုင်လိမ့်မယ်လို့ မထင်ဘူး။

ကျွန်တော်ခင်ဗျားကို နည်းနည်းနောက်လိုက်ဦးမယ်။ စောစောက ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတဲ့ အယူအဆရေးရာ အတိမ်းအယိမ်းကလေးတွေ အားလုံးက ဒီလိုပဲစကားအဖြစ် လျှောက်ပြောနေကြတာပဲ မဟုတ်လား။ အခု ခဏလောက် ကျွန်တော်တို့တစ်တွေ နားမကြားရဘူးလို့ စဉ်းစားကြည့်ရအောင်။ နိုင်ငံရေးသမားတွေ ပြောသမျှ အကုန် ကျွန်တော်တို့ မကြားရဘူးပဲ ထားဗျာ။ သူတို့ လုပ်ပုံကိုင်ပုံကိုပဲ မြင်ရပြီး အကဲဖြတ်ကြည့်ကြမယ်။ ကိုင်း ပြောပါဦး ၂၀၁၆ ခုနှစ်ကစပြီး တကယ့် လောက်လောက်လားလား ပြနိုင်တဲ့ မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ခဲ့သလား။

စကားဖြစ်အောင်လျှောက်ပြောခဲ့ကြတာဆိုရင် ကျွန်တော့်စာအုပ်ကလည်း အမှိုက်ပဲဖြစ်သွားတော့မှာပဲဗျ။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို မဖြေပါရစေနဲ့။ ဒါပေမဲ့ အမှန်တရားကို ရင်ဆိုင်ကြည့် ရအောင်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒေါ်စုဟာ ဘုရင်ခေတ်က ဘုရင်မကြီးတစ်ပါးသဖွယ် အာဏာပြပြီး အုပ်ချုပ်တယ်။ ကောင်းကင်ဘုံကနေ အပ်နှင်းခံရတဲ့ အာဏာရှင် အာဏာပိုင် မိခင်ကြီးတစ်ဦးရဲ့ အခွင့်အာဏာမျိုးနဲ့ အုပ်ချုပ်တယ်။ သူ့ရဲ့ အားလုံးထက်မြင့်တဲ့နေရာကနေပြီး တရားတွေဟောတယ်၊ ကြေညာချက်တွေထုတ်တယ်၊ အမိန့်တွေထုတ်တယ်။ နေပြည်တော်လို့ခေါ်တဲ့ မင်းတို့စိုးစံရာမြို့တော်ကြီးထဲ တံခါးပိတ်အစည်းအဝေးတွေ လုပ်တယ်။ ကိစ္စအသေးအမွှားကအစ စီမံကွပ်ကဲတယ်။ ဘာပဲလုပ်ချင်လုပ်ချင် သေးသေး ကြီးကြီး သူခေါင်းညိတ်ဖို့လိုတယ်။ အစိုးရကိုဝေဖန်ဆန့်ကျင်သံတွေကို သည်းမခံဘူး။ အပြင်စည်းကလာတဲ့ အသံတွေကို နားမထောင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီနိုင်ငံရေးကို ကန့်သတ် တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်တယ် (ဒေါ်စုအစိုးရဟာ စစ်အစိုးရသုံးသွားတဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို မဖျက်တဲ့အပြင် သုံးရတာတောင် ကြိုက်နေသလို တစ်ခါတစ်ရံ ပိုကောင်း အောင်တောင် ပြုပြင်လိုက်သေးတယ်)။ သူ့ကို မြင်ရခဲ၊ ကြားရခဲတယ်။ ပြည်သူကို သူမိန့်ခွန်းထွက်ပြောရင်တောင်မှ သူဟာ နေ့စဉ်လူနေမှုဘဝနဲ့ဆိုင်တဲ့ ကိစ္စတွေကို မဆွေးနွေး ဘူး။ မိန့်ခွန်းပြောရင်လည်း နိုင်ငံသားအခွင့်အရေးကိစ္စထက် နိုင်ငံသားတို့ရဲ့တာဝန်နဲ့ဝတ္တရား ကိစ္စတွေကို ရှေ့တန်းတင် ပြောတယ်။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လို အသွင် ပြောင်း ယူရမယ် ဆိုတာကို ပို့ချတယ်။ ရလဒ်ကတော့ မြန်မာပြည်တွင်းထဲမှာ ဒေါ်စုဟာ သူ့ရဲ့ မဟာခေါင်းဆောင်ကြီး အဆင့်မှာ ရှိမြဲရှိနေပြီး ပြည်သူတွေအတွက်လည်း မျှော်လင့်ချက်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ တိုင်းပြည်ရဲ့ ပြဿနာတွေကိုတော့ မဖြေရှင်းရသေးဘဲ ရှိနေဆဲဖြစ်ပါတယ်။ ဘာအမြင်မှမရှိဘူး၊ ဘာအစီအမံမှ ချထားတာ မရှိဘူး၊ ဒီထက်ဆိုးတာက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံကပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းမျိုး မတွေ့ရဘူး။ သုံးနှစ်ကြာတဲ့နောက်မှာ သူ့အစိုးရအနေနဲ့ မျက်နှာရစရာရယ်လို့ သိပ်မရှိဘဲ မျက်နှာပျက် စရာတွေ (ရိုဟင်ဂျာကိစ္စ၊ တိုင်းရင်းသားလူနည်းစုများနဲ့ ရင်ကြားစေ့ရေး၊ စီးပွားရေး တိုးတက်မှု) သာ များပြီး စာရင်းချုပ်ရင် မျှော်လင့်သလိုဖြစ်မလာတာတွေ ချည်းပဲ။

နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ အဲဒီအခါကျရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမယ် ထင်လဲ။

၂၀၂၀ ရွေးကောက်ပွဲကလည်း သိပ်မလိုတော့ပါဘူး။ ၂၀၁၅ တုန်းကလိုပဲ ဒါဟာ ဒေါ်စုအတွက် သေမြေကြီး ရှင်ရွှေထီးပါပဲ။ သူ့ပါတီသာ ပြတ်ပြတ်သားသား နိုင်မယ်ဆိုရင် (ဒါဟာ သိပ်တော့မဖြစ်နိုင်ဘူး။ တိုင်းရင်းသား လူနည်းစုတွေက သူ့အပေါ် အပြည့်အဝထောက်ခံဖွယ်မရှိသလို လိုအပ်တဲ့ မဲ ၆၇ ရာခိုင်နှုန်းကိုလည်း သူ့အနေနဲ့ မရနိုင်ဘူး) ဒေါ်စုတစ်ယောက် မြန်မာနိုင်ငံကို နောက်ကွယ်ကနေပဲ ဆက်လက်အုပ်ချုပ်နေဦးမှာပါပဲ။ အကယ်၍ NLD ပွတ်ကာသီကာပဲ နိုင်မယ်ဆိုပါစို့၊ ဒါဆို ဒေါ်စုအနေနဲ့ နောက်တစ်ကြိမ်အခွင့်အရေးရဖို့ရာ နောက်ထပ်ငါးနှစ် ထပ်စောင့်ဖို့ရာသာ ရှိပါတယ်။ အချိန်ကတော့ သိပ်မကျန်တော့ဘူး။ တပ်မတော်ကတော့ စင်ပေါ်ကပါပဲ။

(ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော “Aung San Suu Kyi: A ‘Moral Democrat’ or a ‘Precolonial Queen?’အမည်ရှိ တွေ့ဆုံမေးမြန်းခန်းကို ပြန်ဆိုထားခြင်း ဖြစ်သည်။)

Show More

Related Articles

Back to top button