ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က ညအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ခရီးသွားလာခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံအများစုမှာ ထွက်မပြေးနိုင်ကြဘဲ ပိတ်မိနေသည်။
စက်တင်ဘာ ၂၄ ညသန်းခေါင်ယံတွင် စစ်လေယာဉ် ၃ စီးက မီးတိုက်ကျေးရွာအနီးရှိ လက်ပံတောင်ကြောကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြင်တွေ့ရသည့် ဒေသခံများထံမှ သိရသည်။
“လေယာဉ်က ဗုံးကြဲချတာက မီးတိုက်နဲ့ သင်္ဘောလှရွာကြားကို ချတာ။ ကျကွဲပြီး မီးပွင့်ထွက်တာကို လင်းလို့ မြင်လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံနောက်တစ်ဦးကလည်း မီးတိုက်ကျေးရွာနီး လေယာဉ်ဗုံးကြဲသံ နှစ်ချက်ကို ကြားလိုက်ရကြောင်း ပြောသည်။
“မနေ့ညက အိပ်လို့တောင်မပျော်ဘူး။ လေယာဉ်က ဗုံးကြဲချတာ နှစ်ခါတောင် ကြားလိုက်ရတယ်။ မြေကြီးနဲ့ အိမ်တောင် လှုပ်ခါသွားတယ်။ ကြားလိုက်ရတာက အဲဒီမီးတိုက်ဘက်က ကြားလိုက်ရတယ်။ တရက်ထက် တစ်ရက်၊ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာသလိုဘဲ။ ဘယ် ပြေးလို့ပြေးရမှန်းမသိတော့ဘူး”ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လာရာ စစ်ကောင်စီတပ်က မောင်တောဒေသ၌ စခန်း ၃ ခု လက်လွှတ်လိုက်ရပြီးနောက် စစ်အင်အား ထောင်ဂဏန်း အင်အားဖြည့်နေသည်။
အလားတူ ကြိမ်ချောင်း၊ ခမောင်းဆိပ်ကဲ့သို့ ဗျူဟာစခန်းများ၊ နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင် တပ်စခန်းများ၌ စစ်ကောင်စီတပ်က နေရာယူထားပြီး တိုက်ပွဲများပြင်းထန်လာချိန်မှ စတင်၍ ဒေသခံများကို ကုန်းလမ်း၊ ရေလမ်းများ သွားလာခွင့် ပိတ်ပင်ထားသည်။
ထို့ကြောင့် ကြိမ်ချောင်းဗျုဟာအထက်ပိုင်းရှိ မောင်တောမြို့နယ်မြောက်ပိုင်းမှ မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ ခုံတိုင်၊ သက်ကိုင်းညာ၊ ရေနောက်ငါးသား၊ တမန်းသား၊ မင်္ဂလာညွန့် ၊ သစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ လေးမြို့ ကေတီ၊ အောင်သပြေ၊ ဗန္ဓုလ စသည့် ကျေးရွာများမှ ဒေသခံတို့ တိမ်းရှောင်နိုင်ရန် အခြေအနေ မပေးသေးပေ။
“ငါတို့ဒီဘက်မှာရှိတဲ့ ရွာတွေက ပြေးစရာလမ်းလည်းမရှိဘူး။ ရှိတဲ့ မြို့ကိုသွားတဲ့လမ်းမှာကလည်း ကြိမ်ချောင်းဂိတ် နဲ့ ကျီးကန်းပြင်ဂိတ် နှစ်ဂိတ်ရှိတယ်။ အဲဒီဂိတ်တွေက ဖြတ်မသွားရဘူးဆိုတော့ ပိတ်မိနေတာပါ။ အသက်ကြီးပိုင်း တွေ၊ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဒီအတိုင်းပဲ နေနေကြရတာ”ဟု မြောက်ပိုင်းမှ အမည်မဖော်လိုသည့် ရွာသား တစ်ဦးက ပြောသည်။
လက်ရှိတွင် တောင်ပြို၊ မီးတိုက်၊ သင်္ဘောလှ၊ နံ့သာတောင်၊ သာယာကုန်း၊ ဇီးပင်ချောင်း စသည့် ကျေးရွာများမှ ဒေသခံအနည်းစု လူ ၁၀၀၀ ခန့်သာ မြို့ပေါ်သို့ တိမ်းရှောင်နိုင်ခဲ့သည်။
အလားတူ မောင်တောမြောက်ပိုင်း၌ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၂ နံနက်၂ နာရီဝန်းကျင်နှင့် စက်တင်ဘာ ၁၁ နံနက် ၄ နာရီခန့်တို့တွင် နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပစ်မှတ်အနီးတွင် ကျေးရွာများရှိနေသည်။
ထိုသို့ လေကြောင်းမှ တိုက်ခိုက်နေသလို စက်တင်ဘာ ၂၂ က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေဖြစ်သော တောင်ပြိုလက်ဝဲမြို့နှင့် တစ်မိုင်ခွဲခန့်အကွာ ကွမ်းသီးပင် ရိုဟင်ဂျာရွာပျက်အနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးရှိ နံ့သာတောင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော ပညာဒါန ပရဟိတစာသင်ကျောင်းကို နေရာပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး နံ့သာတောင်ဆရာတော် ဦးစာရဏကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှုမရသေးပေ။
နံ့သာတောင်ပညာဒါန ပရဟိတစာသင်ကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင်မ့မှ အထက်တန်းအထိ သင်ကြားပေးနေသော ဆရာ/မများအပါအဝင် ကျောင်းသား/သူ ၅၀၀ ကျော်အထိရှိကြောင်းသိရသည်။
“အဲဒီနံ့သာတောင်ပညာဒါန ပရဟိတကျောင်းကို ပြောင်းရွေ့ပေးဖို့ စစ်တပ်က ဖိအားပေးတာရှိတယ်လို့ သူများတွေ ပြောလို့ သိရတယ်။ ဟုတ် မဟုတ်တော့ အတိအကျမပြောနိုင်ဘူး”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



