
စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယခုလ ၁၃ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း သိရသည်။
ရေဦးမြို့စွန်ရှိ တိုင်းရင်းဆေရုံရှေ့တွင် ကင်းစောင့်နေသော စစ်သားများကို ည ၉ နာရီအချိန်ခန့်တွင် ရွှေဘိုခရိုင် PDF တပ်ရင်း ၁၄ က ဦးဆောင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသော်လည်း စစ်သား လေးဦးသေဆုံးသည့်အပေါ် သီးခြား အတည်မပြုနိုင်ပေ။
“ဆေးရုံဝင်ပေါက်မှာ လေးယောက်ရပ်နေတာ ကျွန်တော်တို့က ဆေးရုံကို ပတ်ပစ်ခဲ့တာ မျက်မြင်ကတော့ ၄ ယောက်စလုံး လဲကျသွားတယ်” ဟု တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် ရွှေဘိုခရိုင် PDF တပ်ရင်း ၁၄ တပ်ခွဲမှူး ကိုရာမဆိုသူက ပြောသည်။
ထိုနေ့ညပိုင်းက ပစ်ခတ်သံများကြားရကာ စစ်ကောင်စီက ရှာဖွေစစ်ဆေးများ ပြုလုပ်သည်ဟုလည်း ရေဦးမြို့ခံတစ်ဦးထံမှ သိရသည်။
စစ်သား ၃၀ ခန့် တပ်စွဲထားသည့် အဆိုပါတိုင်းရင်းဆေးရုံကို တိုက်ခိုက်ရန် ရက်ပေါင်း ၂၀ ခန့် အချိန်ယူ စောင့်ကြည့်ပြင်ဆင်ခဲ့ရသည်ဟုလည်း ရွှေဘိုခရိုင် PDF တပ်ရင်း တာဝန်ရှိသူက ဆိုသည်။
ရေဦးမြို့ တောင်ဘက်အစွန်ရှိ တိုင်းရင်းဆေးရုံ ပိတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း လွန်ခဲ့သည့် ခြောက်လခန့်မှစတင်၍ စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲထားခြင်းကြောင်း၊ စစ်သား ၁၅၀ ခန့်အထိ ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် ၃၀ ခန့်သာ ကျန်တော့ကြောင်း သိရသည်။
ရေဦးမြို့နယ်နှင့် ကပ်လျက်ဖြစ်သည့် တန့်ဆည်မြို့ပေါ်တွင်လည်း PDF များက မြို့ပေါ်ထိ မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့်လဆန်းပိုင်းက ဝင်ရောက်တိုက်ခိုက်စဉ် ရဲ ၇ ဦး သေဆုံးကာ မောင်းပြန်သေနတ် ၆ လက်ကို PDF အဖွဲ့က သိမ်းယူနိုင်ခဲ့သည်။
မြို့ပေါ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးကပ်သည့်နေရာများသို့ မသွားကြရန် ရွှေဘိုခရိုင် PDF တပ်ရင်း ၁၄ ၏ တပ်ခွဲမှူး ကိုရာမက သတိပေးသည်။
“အရင်ကတော့ ကျွန်တော်တို့ လက်နက်မရှိတုန်းက သူတို့က ကျွန်တော်တို့ကို လိုက်ရှာပစ်နေတာ၊ ခု ကျွန်တော်တို့က လိုက်ရှာနေပြီး သူတို့ကို ပစ်နေပြီ။ ကျွန်တော်တို့ တောထဲမှာ မနေတော့ဘူး၊ မြို့ပေါ် တက်လာပြီဆို ပြောချင်ပါတယ်။ ပြည်သူ့အာဏာ ပြန်ပေးချင်ပေး၊ မပေးရင် အဆုံးထိချမှာပဲ”
စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုနှစ် ဇူလိုင်လကုန်ပိုင်းအထိ နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP Myanmar က ထုတ်ပြန်ထားသည်။
ထိုအထဲတွင် မြို့နယ် ၃၇ မြို့နယ်ရှိ စစ်ကိုင်းတိုင်းအတွင်း ၃၄ မြို့နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ၆၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ISP Myanmar က ဆိုသည်။
နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ခေါင်းဆောင်က ယင်းလက်အောက်ခံ တပ်မှူးတပ်သားများသည် တပ်ဖြန့်ခွဲမှုကို စနစ်တကျမလုပ်ဆောင်သည့်အတွက် ဆုံးရှုံးမှုများပြားနေကြောင်း ဇွန်လအတွင်းက ပြုလုပ်ခဲ့သော စစ်တပ်၏ လေးလပတ်အစည်းအဝေးတွင် ပြောဆိုထားသည်။
ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ စစ်သားများသည် လက်နက်များကို ထိထိရောက်ရောက် မပစ်နိုင်ဘဲ ကျည်ဆန်ထွက် ပြီးရောဆိုကာ ပစ်ခတ်နေကြသည်ဟုလည်း စစ်ခေါင်းဆောင်က အပြစ်တင်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)