သတင်း

CDM ကျောင်းအုပ် မန္တလေးတွင် အဖမ်းခံရ၊ သားဖြစ်သူ လွတ်မြောက်နယ်မြေရောက်

မန္တလေးမြို့အခြေအနေများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏သွားလာလှုပ်ရှားမှုများ ဖော်ပြနေသော Voice Of Mandalay (VOmdy) ဖေ့ဘွတ်ခ်စာမျက်နှာ၏ ဦးဆောင်သူတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးရာ ၎င်းကို မတွေ့သဖြင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွားကြောင်း သိရသည်။ 

စက်တင်ဘာ ၅ ညနေပိုင်းက မန္တလေးမြို့မှ ၂၂ နှစ်အရွယ် ကိုအောင်ကိုကို၏ နေအိမ်ကို ရောက်သွားသည့် စစ်ကောင်စီတပ်သားများက မိခင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ် CDM မူလတန်းကျောင်းအုပ် ဒေါ်သောင်းသောင်းမြင့်ကို ခေါ်ဆောင်သွားသည်။ 

ထိုနေ့မတိုင်မီကလည်း VOmdy စာမျက်နှာ စီမံခန့်ခွဲသူတစ်ဦးဖြစ်သည့် ၂၂ နှစ်အရွယ် မယုဝေမြင့်ကို အောင်မြေသာစံမြို့နယ် ၁၃ လမ်း (၈၆ လမ်းနှင့် ၈၇ လမ်းကြား)၊ မြောက်ပြင်ရပ်နေအိမ်၌ စစ်တပ်က ကားနှစ်စီးဖြင့် သွားရောက်ဖမ်းဆီးခဲ့သည်။ 

မယုဝေမြင့်ကို ဖမ်းသွားပြီးနောက် စစ်တပ်က ၎င်း၏အိမ်သို့ ရောက်လာခြင်း ဖြစ်သည်ဟု ကိုအောင်ကိုကိုက ပြောသည်။  

“အစ်မကို ဖမ်းသွားတယ်။ နောက်နေ့ ညနေ ၅ နာရီလောက်မှာ ကျွန်တော့်အိမ်ကို လာရှာတယ်။ ကျွန်တော်က အိမ်ခဏအပြန် လမ်းကနေမြင်ပြီး လွတ်ခဲ့တယ်။ အခုတော့ ကျွန်တော် လွတ်မြောက်နယ်မြေကို ရောက်သွားပါပြီ” ဟု ၎င်းက ဆိုသည်။

အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးခန့်က ၆၂ လမ်း (၃၃ လမ်းနှင့် ၃၄ လမ်းကြား) ချမ်းအေးသာစံမြို့နယ် NLD ရုံး နောက်ကျောဘက်ရှိ ၎င်း၏နေအိမ်ကို လာရောက်ခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောသည်။

“အောင်ကိုကိုရှိလား ဆိုပြီး လာတာ။ အိမ်မှာက အမျိုးတွေရော အများကြီးရှိကြတယ်။ အဲဒီထဲမှာ အမေ့ကို ရွေးပြီး ဖမ်းသွားတယ်” 

မိခင် ဒေါ်သောင်းသောင်းမြင့်သည် ကျန်းမာရေးမကောင်းသူ ဆီးချိုဝေဒနာသည်တစ်ဦးဖြစ်ပြီး အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ မြစ်လောင်ရွာမှ မူလတန်းကျောင်းအုပ်ဆရာမကြီးဖြစ်ပြီး အာဏာဖီဆန်ထားသူ (CDM) တစ်ဦး ဖြစ်သည်ဟု သိရသည်။

စစ်တပ်က ဖမ်းဆီးပြီးခါစ ကနဦးရက်များတွင် နှိပ်စက်ညှဉ်းပန်းလေ့ရှိသဖြင့် အမျိုးသမီး ၂ ဦး၏ အသက်အန္တရာယ် စိုးရိမ်နေရသည် ထိုလူငယ်က ဆိုသည်။

“အမေ အရမ်းနှိပ်စက်ခံရမှာ စိုးရိမ်တယ်။ ကျွန်တော့်ကြောင့်ဖြစ်တော့ အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော်တို့ ကျန်တဲ့သူတွေအားလုံးတော့ လုံခြုံတဲ့ဆီ ရောက်ပါပြီ” ဟု ကိုအောင်ကိုကိုက ပြောသည်။

Voice Of Mandalay (VOMdy) သည် မန္တလေးမြို့တွင်း သွားလာသူများ လမ်းမပေါ် စစ်တပ်စစ်ဆေးရှာဖွေနေမှုများကို ရှောင်ရှားနိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ မြို့တွင်းလှုပ်ရှားမှုများကို ကင်းထောက်ကာ အွန်လိုင်းတွင် နေ့စဉ်ဖော်ပြနေသည်။ 

မြို့နေလူထုကလည်း ၎င်းတို့အနီးတစ်ဝိုက် စစ်ကောင်စီ၏လှုပ်ရှားမှုများကို အဆိုပါအဖွဲ့ထံ သတင်းပေးကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရေးအတွက် သတင်းအမှောင်ချရန် ကြိုးပမ်းရာ၌ မီဒီယာသမားများကိုပါ ပစ်မှတ်ထား ဖမ်းဆီးကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုကဲ့သို့သော ပုဒ်မများတပ်ကာ ထောင်ချနေသည်။

ဤအခြေအနေတွင် VOMdy ကဲ့သို့သော  ဒေသအလိုက် ကင်းထောက်စာမျက်နှာများ ပေါ်ပေါက်လာကြပြီး ဒေသခံလူငယ်များက ဦးဆောင်လုပ်ကိုင်နေကြသည်။ 

လက်ရှိတွင် သတင်းသမား ၅၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး ဒေသသတင်းများဖော်ပြနေသော Facebook Page Admin များကိုပါ ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်က တော်လှန်မှု ပြင်းထန်သော မန္တလေးကို ဖိနှိပ်ရန် ကြိုးစားနေပြီး ယခု စက်တင်ဘာလဆန်း၌ အဖမ်းအဆီးများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ၃၂ လမ်း ၆၀ လမ်းထောင့်အနီး စတိုးဆိုင်တစ်ခု၏လမ်းကြားမှ အမျိုးသမီးငယ်တစ်ဦးကို ရဲနှင့် စစ်သား ၈ ဦးခန့်က လာရောက်ဖမ်းဆီးသွားသည်ဟု ထိုနေရာအနီးနေထိုင်သူများက ပြောသည်။

အဆိုပါလမ်းအနီးတွင် ဆန္ဒပြစစ်ကြောင်းလာရောက်ခဲ့စဉ် ယင်းအမျိုးသမီးငယ်က လက်သုံးချောင်း ထောင်ခဲ့သည့်အတွက် CCTV မှတ်တမ်းအရ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့မှာပင် ည ၁၂ နာရီခန့်၌ ၁၀၆ (A) လမ်း (၄၉ လမ်းနှင့် ၅၀ လမ်းကြား) တွင် စစ်ကား ၇ စီးဖြင့် စစ်သားများ ရောက်လာပြီး နေအိမ်တစ်အိမ်ကို စီးနင်း၍ အမျိုးသမီးနှစ်ဦးနှင့် နို့စို့အရွယ်ကလေးငယ်တစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

မကြာသေးမီလများအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုများကလည်း ပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button