သတင်း

ဗန်းမောက် ရှမ်းနီဆရာတော် သတ်ဖြတ်ခံရမှုအတွက် ရှမ်းနီအဖွဲ့များ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာမှ ရှမ်းနီတိုင်းရင်းသား ရဟန်းတစ်ပါး သတ်ဖြတ်ခံရမှုအတွက် ကန့်ကွက် ရှုတ်ချကြောင်း ရှမ်းနီအဖွဲ့အစည်း ၂၈ ဖွဲ့က စက်တင်ဘာ ၈ ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက စက်တင်ဘာ ၄ တွင် သွားရောက် သတ်ဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

“KIA နှင့် PDF ပူးပေါင်းအဖွဲ့များအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း” ကြေညာချက်တွင် ရေးသားထားသည်။

စက်တင်ဘာ ၄ နံနက် ၆ နာရီခန့်က နောင်ပတ်ရွာဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဂန္ဓမာကို အရပ်ဝတ်လက်နက်ကိုင်အချို့က လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု နောင်ပတ်ရွာခံများကို ကိုးကား၍ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကိုင်ထားတဲ့လူတစ်စုက ကျောင်းဝင်းထဲ ဝင်လာတာက ၁၀ ယောက်ကျော်၊ အပြင်မှာ စောင့်နေတာလည်း ရှိတယ်၊ ရောက်တဲ့အခါကျတော့ ဆရာတော်ကို သူတို့ခေါင်းဆောင်က တွေ့ပြီး စကားပြောချင်တယ်ဆိုပြီး ခေါ်သွားတာ” ဟု ဆိုသည်။

ထိုနေ့ညတွင် ရွာသားများ သေနတ်သံတစ်ချက် ကြားခဲ့ရသည်၊ နောက်တစ်နေ့တွင် လက်နက်ကိုင်လူတစ်စုက မည်သည့် နေရာတွင် မြှုပ်နှံထားကြောင်း နောင်ပတ်ရွာမှ လူငယ်များကို ပြသခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့နောက် စက်တင်ဘာ ၆ တွင် ထိုနေရာကို သွားရောက်တူးဖော်ရာ ဆရာတော်အလောင်း တွေ့ခဲ့ရသည်ဟု ဒေသခံများက အတည်ပြုကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ဦးဂန္ဓမာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရသေးပေ။

 ဗန်းမောက်-PDF ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းရာတွင် ဦးဂန္ဓမာသတ်ဖြတ်ခံရသည့် ဖြစ်စဉ်ကို အသေးစိတ် မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ပြောသည်။

နောင်ပတ်ရွာမှာ မြို့၏ အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိပြီး ပြီးခဲ့သည့်လက တိုက်ပွဲဖြစ်ပွားကြသည့် အရှေ့ကုန်းရွာများနှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည်ဟု သိရသည်။

ဆရာတော် ဦးဂန္ဓမာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များ သမဂ္ဂ(ဗဟို) အလုပ်အမှုဆောင်၊ ဘဏ္ဍာတော်ထိန်းတစ်ဦးဖြစ်ပြီး ရှမ်းနီစာပေထွန်းကား ပြန့်ပွားရေးအတွက် လုပ်ဆောင်သူလည်း ဖြစ်သည်ဟု သိရသည်။

အရပ်သားများ သတ်ဖြတ်ခံရမှု

ထိုဒေသတွင် လှုပ်ရှားနေသော ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ထိုသတ်ဖြတ်မှုနှင့် ပတ်သက်၍ KIA နှင့် PDF တို့တွင် တာဝန်ရှိသည်၊ သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်သွားမည်ဟု စက်တင်ဘာ ၆ တွင် ကြေညာထားသည်။

SNA သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း ရှမ်းနီတိုင်းရင်းသားတို့နေထိုင်ရာ ဒေသခံများတွင် လှုပ်ရှားလေ့ရှိပြီး KIA,PDF တပ်များနှင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီး‌နောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တိုက်ပွဲများအတွင်း ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်မှုများ ဆက်တိုက် ပေါ်ပေါက်နေသည်။ 

ဒေသခံတို့ လုပ်ကြံ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့များက အပြန်အလှန်စွပ်စွဲလျက်ရှိသည်။

တိုက်ပွဲများပိုမိုပြင်းထန်လာသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စပ်တစ်လျှောက် မြို့နယ်များတွင် စစ်ကောင်စီတပ်က ခုခံသူများနှင့် ဆက်စပ်သည်ဟု သံသယဖြစ်လျှင် ဖမ်းဆီးသတ်ဖြတ်နေသည်။

တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီး ခေါ် ပြည်သူ့စစ်များ၊ သတင်းပေးဟု ယူဆရသူများကို သတ်ဖြတ်လေ့ရှိသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဟုမ္မလင်းမြို့နယ်မှ PDF များနှင့် လူငယ်အချို့ကို SNA က ကွပ်မျက်သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်များ ပျံ့နှံ့လာရာ ထိုဖြစ်ရပ်ကို အရေးယူပေးရန် ဒေသခံများက ခန္တီးခရိုင် တပ်ရင်း(၁) သို့ တိုင်ကြားသည်ဟု ခေတ်သစ်သတင်းဌာနက ရေးသားထားသည်။

ရုပ်သံဖိုင်တွင် ဗမာစကားပြောသည့် လက်နက်ကိုင်တစ်စုက လူငယ်နှစ်ဦးကို ဓားဖြင့် လည်လှီးသတ်ဖြတ်နေသည်ကို တွေ့ရသည်၊ မည်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကို အတည်မပြုနိုင်ပေ။

SNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက အဆိုပါရုပ်သံဖိုင်တွင် ပါဝင်သူများမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း၊ SNA ကို အပုပ်ချလိုသည့်အတွက် ဝါဒဖြန့်ကြခြင်းသာဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့မှာ သုံ့ပန်းမိလာရင် သုံ့ပန်းပေါ်လစီအရပဲ ထိန်းသိမ်းပိုင်ခွင့် ရှိပါတယ်၊ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းပြီးတော့မှ သူတို့သွားချင်တဲ့နေရာကို ပို့ဆောင်ပေးတာပဲရှိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။

Myanmar Now အနေဖြင့် ရုပ်သံဖိုင်တွင်ပါဝင်သည့် သတ်ဖြတ်ခံရသူများနှင့် လက်နက်ကိုင်များကို မည်သူ၊ မည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button