သတင်း

မြောင်မြို့နယ်သို့ စစ်ကူလာသည့် စက်လှေ ၄ စီးကို ဒေသခံအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းကို စစ်ကူလာသည့် စစ်ကောင်စီ၏ စက်လှေ ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စက်လှေတစ်စီး နစ်မြုပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များက ယနေ့ (စက်တင်ဘာ ၈) သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေစကြိုနှင့် မြောင်မြို့နယ်ဘက်မှ ဆန်တက်လာသည့် စစ်သား ၃၀ ခန့်ပါ စက်လှေ ၄ စီးကို စက်တင်ဘာ ၇ ညနေ ၃ နာရီခွဲဝန်းကျင် တိုက်ခိုက်ရာတွင် ဒေသခံကာကွယ်ရေး ၂၇ ဖွဲ့ ပူးပေါင်း ပါဝင်သည်ဟု ဆိုသည်။

မြစ်ကမ်းနဖူးပေါ်ရှိ ကျောက်တန်းရွာရောက် စစ်ကောင်စီတပ်ထံ အင်အားဖြည့်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ထိုစက်လှေများကို မြောင်မြို့နယ် နနွင်းကိုင်းရွာနှင့် ရွှေတချောင်းရွာကြား မြစ်ကမ်းဘေး နေရာယူထားသော ဒေသခံကာကွယ်ရေးအဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ 

ပြီးခဲ့သည့်လများတည်းက မြောင်မြို့နယ် ကျောက်တန်းရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ထိုဒေသဝန်းကျင်သည် မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့ ၃ ခုဆုံရာ နေရာဖြစ်သည်။ 

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းအခြေစိုက် မြို့နယ် ၇ ခုမှ ကာကွယ်ရေးအဖွဲ့များက မိနစ် ၄၀ ကြာ ပစ်ခတ်ခဲ့ကြသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။ 

“လူတွေကတော့ စပစ်တဲ့အချိန်ကတည်းက လှေပေါ်မှာ မှောက်ကုန်တာတွေရှိတယ်။ ကမ်းပေါ် ခုန်ချပြီး ထွက်ပြေးတာတွေလည်း ရှိတယ်။ ကမ်းပေါ် လိုက်ပစ်တော့ လဲကျကုန်တယ်။ ရှင်တဲ့လူတွေကတော့ ဆွဲတင်တာတွေလုပ်တုန်း ကျွန်တော်တို့ဘက်က ထပ်ပစ်လိုက်၊ လဲသွားလိုက်ပဲ” ဟု CDSOM ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့မှ အဖွဲ့များ ကျောက်တန်းရွာရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် သွားရောက်စဉ် ထိုရွာမရောက်မီ တစ်မိုင်ခန့်အလို ရေကြောင်းမှ တက်လာသည့် စစ်ကူများကို တွေ့သဖြင့် လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကိုနွေဦးက ဆိုသည်။ 

စစ်ကောင်စီတပ်က ၆၀ မမ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များ အသာစီးရကာ ပစ်ခတ်နိုင်မှုကြောင့် စက်လှေ ၁ စီး နစ်မြုပ်သွားပြီး ကျန် ၃ စီးမှာလည်း ပျက်စီးသွားသည်ကို တွေ့ရှိရသည်ဟု ပြောသည်။ 

“ရေစကြိုကလာတဲ့ စစ်ကြောင်းနဲ့ မြောင်ဘက်က စစ်ကြောင်းနဲ့ နှစ်ခုကြားထဲ ရောက်သွားတာ။ အဲဒီတော့ မထူးတော့ဘူးဆိုပြီး ရေစကြိုဘက်ကလာတဲ့ စစ်ကြောင်းကို ဖြတ်တိုက်လိုက်တာ” ဟု ကိုနွေဦးက ပြောသည်။ 

“စက်လှေ ၁ စီးကတော့ မြုပ်သွားတယ်။ ၁ စီး ပျက်ပြီးတော့ (မြစ်) အောက်ကို မျောသွားတယ်။ နှစ်စီးက ပျက်စီးပြီး ကမ်းမှာတင်သွားတာ။ သူလည်း ရေထဲမှာပဲဆိုရင် မြုပ်မှာပဲ”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရသည်ဟု ပူးပေါင်းအဖွဲ့တစ်ခုဖြစ်သည့် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“မြောင်ဘက်ကို ကူးလာပြီဆိုတဲ့သတင်းရတော့ မြစ်ကမ်းဘေးမှာ နေရာ အရန်သင့်ယူထားတာ။ ကျွန်တော်တို့ ပစ်ကွင်းထဲ ရောက်တဲ့အချိန်မှာ ဝိုင်းပစ်လိုက်ကြတာ။ ပစ်တဲ့အခါမှာ သူတို့စက်လှေ မှောက်သွားတာပေါ့” ဟု မုံရွာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောင်မြို့နယ်တောင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေသဖြင့် သွားရောက် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မုံရွာ PDF က ဆိုသည်။

ချင်းတွင်းမြစ်ထဲတွင် မျောသွားသည့် စက်လှေပျက်ပေါ်တွင် စစ်သား ၁၀ ဦးခန့်ပါကြောင်း၊ အလားတူ နစ်မြုပ်သွားသည့် စက်လှေမှာ လက်နက်ကြီးများ တင်ဆောင်ထားသည့် စက်လှေဖြစ်သည်ဟု သိရကြောင်း ကိုနွေဦးက ဆိုသည်။ 

“စက်လှေ ၄ စီးနဲ့လာတဲ့ စစ်ကြောင်းက ကျောက်တန်း (ရွာ) ကို မရောက်ဘူး။ သူတို့စက်လှေတွေလည်း အကုန်ပျက်သွားတယ်။ ရှင်တဲ့လူတွေကလည်း ကိုင်းတောတွေထဲ ဝင်ပြေးကုန်တာ” ဟု ၎င်းက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ကျောက်တန်းက စစ်ကြောင်းကလည်း စစ်ကူဝင်လာတယ်။ ၆၀ တွေနဲ့ ထုတယ်။ ရေစကြိုကလည်း စစ်ကူပြင်လာတော့ ညပ်သွားမှာ စိုးတာနဲ့ နောက်ဆုတ်လာတာ။ စစ်ကူသာမရှိရင် ၄ စီးလုံး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး”

စက်လှေပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချင်းတွင်းမြစ်ကမ်းနဖူးပေါ်တွင် နေရာယူထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ပြီးနောက် “အများကြီးကျတယ်၊ မှောက်နေတယ်” ဟု ကာကွယ်ရေးဖွဲ့ဝင်များက ပြောဆိုနေကြသည်ကို မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က တင်ထားသည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

ယမန်နေ့ ညတွင် စစ်ကူများဖြင့် အင်အားဖြည့်တင်းထား၍ မြောင်မြို့နယ်တောင်ပိုင်း ကျောက်တန်းရွာရှိ စစ်ကောင်စီတပ်မှာ အင်အား ၂၀၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က လှုပ်ရှားမှုမရှိသေးသော်လည်း ထိုရွာနှင့် အနီးနားမှ ဒေသခံ  ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၃ မှစ၍ မြောင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ခုခွဲပြီး စီးနင်းနေသည့်အတွက်  တိုက်ပွဲများ ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button