သတင်း

မော်လိုက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီ စီးနင်း

လက်နက်ကိုင် ခုခံမှုများအားကောင်းရာ စစ်ကိုင်းတိုင်းအနောက်ပိုင်း မော်လိုက်မြို့တွင် စီးနင်းခံရသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) စခန်းတစ်ခုမှ လက်နက်အချို့ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၄ တွင် မြို့အရှေ့ဘက် ၁၁ မိုင်ခန့်အကွာ မန်နွဲ့ရွာအနီးရှိ ထိုစခန်းကို ဝင်တိုက်သည့် စစ်ကောင်စီတပ်တွင် အင်အား ၈၀ ခန့် ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ် မသိရသေးကြောင်း မော်လိုက်-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မန်နွဲ့ကျေးရွာအခြေပြု LDF စခန်းတစ်ခုကို ညနေ ၄ နာရီကျော်လောက်မှာ ဝင်စီးတာပေါ့၊ အထိအခိုက်အကျအဆုံးကတော့ အတိအကျတော့ မသိသေးဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် မော်လိုက်စခန်းမှ အလောင်း ၁ လောင်း၊ ဆိုင်ကယ် ၈ စီး၊ လက်လုပ်သေနတ် ၂၄ လက်၊ ဗုံးသီးနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာ ၅ တွင် ဖော်ပြထားသည်။

စခန်းစီးနင်းခံရပြီး နောက်တစ်ရက်တွင်လည်း မန်နွဲ့ကျေးရွာအနီးရှိ တောင်ယာတဲတစ်လုံးမှ ၄၀ မမ ဗုံးပစ်လောင်ချာနှင့်  ဗုံးသီး ၄ လုံး၊ လက်လုပ်သေနတ် ၁၀ လက်နှင့် စကားပြောစက် ၂ လုံးတို့ ထပ်မံသိမ်းဆည်းရမိသည်ဟု ပါရှိသည်။

မော်လိုက်မြို့သည် စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ကျော်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်က ကလေးမြို့မှ စစ်အင်အားအချို့ကို မော်လိုက်မြို့တွင်းသို့ ပို့ဆောင်နေကြောင်း မော်လိုက်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်ရှိက စစ်ကြောင်းကတော့ တစ်ကြောင်းပဲရှိတယ်၊ အင်အားဖြည့်တင်းနေတာတွေတော့ များတယ်ဗျ။ ကလေးမြို့ကနေ တပ်ရင်း ၃၆၈ တပ်က ကား ၄ စီးနဲ့ ဝင်လာတာရှိတယ်၊ စခန်းစီးပြီး ပြန်ဆုတ်လာတဲ့ တပ်က အင်အား ၈၀ လောက်ရှိတယ်” ဟု သူက ဆက်ပြောသည်။

မော်လိုက်မြို့တွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၆၄၊ ၃၆၅ နှင့် ၃၆၆ တို့ အခြေစိုက်ပြီး ကလေးမြို့မှ စစ်အင်အားများအပြင် ရဲ နှင့် ပျူစောထီးများလည်း ပူးပေါင်းထားသည်။

လတ်တလောတွင် စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး လှုပ်ရှားနေမှုများကြောင့် စစ်ရေးတင်းမာလျက်ရှိသည်ဟု အဆိုပါ တာဝန်ခံက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအုံကြွလာပြီး လက်နက်ကိုင်တော်လှန်ရေးများပြုလုပ်ရာ တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ကို လက်နက်ကိုင် ပြန်ခုခံနေသော ဒေသခံကာကွယ်ရေးအဖွဲ့စခန်းများကို အင်အားအလုံးအရင်းနှင့် စီးနင်းဖျက်ဆီးရန် ကြိုးစားနေသလို အနီးနားရှိ ကျေးရွာအများအပြားကိုလည်း မီးရှို့ဖျက်ဆီးနေသည်။ ခုခံသူတို့ကို ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား ဖြတ်တောက်နိုင်ရန် ထိုသို့ ဖျက်ဆီးသည့် စစ်တပ်၏ လုပ်ရပ်မှာ ဖြတ်လေးဖြတ်စနစ်ဟု ထင်ရှားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ တွင်လည်း မကွေးတိုင်း၊ မင်းလှမြို့နယ် တောင်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်က အင်အား ရာဂဏန်း သုံးခဲ့သည်ဟု သိရသည်။

မင်းလှအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ခုမှ စစ်သားများ၊ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၈၃) နှင့် ထောက်ပို့တပ် ၉၄၉ တို့မှ အင်အား ၂၀၀ ဝန်းကျင်က ကား ၈ စီးဖြင့် စီးနင်းမှုကို နာရီဝက်ခန့် သတင်းကြိုရ၍ ပကဖအဖွဲ့ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းရှိ ဒေသခံ ကာကွယ်ရေးအဖွဲ့စခန်းများကို စစ်ကောင်စီတပ်က တောနင်းရှာကာ ရွာများကို စီးနင်းနေ၍ ဒေသခံ အများအပြား ထွက်ပြေးနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button