သတင်း

စစ်သင်္ဘော လုံခြုံရေးပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၄) မွန်းလွဲက စစ်သင်္ဘော လုံခြုံရေးလိုက်ပေးသည့် စစ်ကောင်စီတပ်ကို ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၆ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူလည်း များပြားသည်ဟု သိရသည်။

ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဝင်ရောက်လာသည့် သင်္ဘော ၆ စီးကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က မြစ်ဘေးတွင် ခြေလျင်စစ်ကြောင်းဖြင့် လုံခြုံရေး ယူပေးနေစဉ် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကသာမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မိုးတာလေးရွာမှ ထွက်လာသည့် အဆိုပါ စစ်ကြောင်းကို မိုးတားလေးရွာနှင့် သံပုရာကုန်းရွာအကြား မိုးတားတိုက်နယ် (ပကဖ) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကသာမြို့နယ် (ပကဖ) အဖွဲ့ကမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းခွဲပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“မနေ့က မနက်ခင်းမှာ တစ်ကြိမ် နေ့လယ်ခင်းမှာ တစ်ကြိမ်ခွဲတာ၊ မနက်ခင်းက ပစ္စည်းက (မိုင်း) အလုပ် လုပ်မသွားလို့၊ ၆ ယောက်လောက်ကတော့ ကျတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယနေ့ညနေ ၄ နာရီခန့်တွင် ကသာမြို့အနီးရှိ ကပ္ပလိပ်ရွာအနီးတွင်လည်း အင်အား ၇၀ ခန့်ရှိသည့် စစ်ကြောင်းနောက်တစ်ခုကို ကသာမြို့နယ်(ပကဖ)အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သော်လည်း စစ်ကောင်စီတပ်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“သူတို့ (စစ်ကောင်စီ) ဘက်က အထိအခိုက်မရှိဘူးဆိုတာက တအား တက်ပြေးကြတာလည်း ပါတယ်၊ ပြီးတော့ သူတို့က ခပ်ကျဲကျဲကြီးတွေ ပေ ၅၀ လောက် ခွာပြီးလျှောက်တာဆိုတော့ ချလို့ အဆင်မပြေခဲ့ဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က ဗုံးချသွားသည့် ဒရုန်းကို လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ကြကြောင်း၊ ထိမှန်ခဲ့ခြင်းမရှိသဖြင့် ဒရုန်းကို ပြန်လည်ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကြောင်းက လုံခြုံရေးယူပေးသည့် စစ်သင်္ဘော ၆ စီးမှာ ယနေ့မွန်းလွဲပိုင်းတွင် ကသာမြို့သို့ ဆိုက်ကပ်နိုင်ခဲ့သည် ဟု ကသာ (ပကဖ) အဖွဲ့နှင့် ကသာမြို့ခံအချို့က ပြောသည်။

အဆိုပါ စစ်သင်္ဘောများမှာ ပြီးခဲ့သည့်လဆန်းပိုင်းက မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ရိက္ခာ၊ လက်နက်၊ ခဲယမ်းများ သွားရောက်ပို့ဆောင်ခဲ့သည့် စစ်သင်္ဘောများဖြစ်ပြီး ထိုစဉ်ကလည်း ကသာမြို့နယ် တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။

ကသာမြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို နံနက်ပိုင်းတွင်သာ တွေ့ခဲ့ရသည်ဟု အသက် ၄၀ ခန့်ရှိသည့် ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်က မြို့အထွက်က ကပ္ပလိပ်တို့ စေတီကုန်းတို့ ရွာဘက်တွေပေါ့ လမ်းပိတ်ထားတယ်တဲ့၊ ဈေးသည်တွေတောင်မှ ဒေါသတွေဖြစ်နေကြတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

ယမန်နေ့ညက ကသာမြို့ပေါ်ရှိ အမှတ် (၄) လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ကသာ (ပကဖ) အဖွဲ့က လက်လုပ်ရှော့တိုက်ဒုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး အထိအခိုက် အကျအဆုံးကို မသိရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ကသာမြို့နယ်အတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေဆဲဖြစ်ပြီး ဩဂုတ်လအတွင်းက မြို့အရှေ့ဘက် ကျောက်ထုံးကြီးရွာ တိုက်ပွဲတွင် ရွာထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ် အကျအဆုံးများခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်း ကသာနယ်တွင်လည်း စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ဒေသကာကွယ်ရေးတပ်များက အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button