မန္တလေမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလဆန်းအတွင်း စစ်ကောင်စီနှင့် ဆက်စပ်သူ ၂ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ရာအိမ်မှူး ၂ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
စက်တင်ဘာ ၁ က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ သတင်းပေးများနှင့် ထောက်တိုင်များ၊ ရာအိမ်မှူးများစုဝေးကာ ရပ်ကွက်နေလူထုကို ဖိတ်ကြားစကားပြောရန် ပြင်ဆင်နေချိန် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
“ပေါက်ကွဲတဲ့အသံကတော့ အကျယ်ကြီးကြားလိုက်ရတယ်။ လူနာတင်ကားတွေနဲ့လည်း တင်သွားတယ်။ သူတို့က တစ်အိမ်တစ်ယောက်ဖိတ်ပြီး လာဟောပြောဖို့လုပ်တာ။ ပြင်နေချိန်မှာ ဗုံးကွဲတာ” ဟု မဟာအောင်မြေဒေသခံတစ်ဦးက ဆိုသည်။
ထိုရပ်ကွက် ဗောဓိကုန်းဘုရားဝင်းအတွင်းဓမ္မာရုံတွင် တွေ့ဆုံစကားပြောရန် ပြင်ဆင်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးဘိုဘိုဟန်နှင့် ရာအိမ်မှူး ဦးညွန့်လွင်အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကို People’s Dictatorship Revolutionary Force (PDRF) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူထုစည်းရုံးရေးအစည်းအဝေးပြုလုပ်မည်ဟု သတင်းကြားသိရ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားအချို့ သေဆုံးနိုင်ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း People’s Defence Force Mandalay (MDY-PDF) က စက်တင်ဘာ ၃ တွင် ထုတ်ပြန်ခဲ့သည်။
MDY-PDF အနေဖြင့် စစ်ဆင်ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးစပ်သည့် နေရာများကို ရှောင်ရှားကြရန် ထပ်မံ သတိပေးတောင်းဆိုကြောင်း ခေါင်းဆောင်ဗိုလ်နက္ခတ်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
စစ်ကောင်စီသည် ဩဂုတ်လကုန်ပိုင်းမှစတင်၍ မန္တလေးမြို့တွင် နယ်မြေစိုးမိုးရေးအတွက်ဆိုကာ လူထုနှင့် လိုက်လံတွေ့ဆုံနေကြောင်း၊ ရပ်ကွက်များ၌ တစ်အိမ်တစ်ယောက် မတက်မနေရဟု ဆိုကာ ဖိတ်ကြားခဲ့ကြောင်း မြို့ခံများက ပြောသည်။
ဩဂုတ် ၃၀ တွင် ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက်မှ ဒေသခံအချို့နှင့် စစ်ကောင်စီအဖွဲ့ဝင်များ တွေ့ဆုံခဲ့သည်ဟု Myanmar Now က သိရှိရသည်။
ထိုတွေ့ဆုံပွဲတွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားခွင့်ရှိစေရေး အစရှိသည့်အချက်များကို အသားပေးကာ ဟောပြောခဲ့သည်ဟု တက်ရောက်သူများက ဆိုကြသည်။
မန္တလေးမြို့၌ ဩဂုတ် ၁ ရက် ညပိုင်းဗုံးခွဲတိုက်ခိုက်ခံရမှု ၃ နေရာတွင် ရာအိမ်မှူး ၁ ဦး စစ်ကောင်စီတပ်သား ၃ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
ဗုံးခွဲတိုက်ခိုက်ခံရသည့်နေရာများမှာ ည ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်တံတားအနီး၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ည ၉ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်းအနီး ရတနာလမ်းရှိ စစ်တပ်ထောက်ခံသူများစုဝေးလေ့ရှိသည့် နေအိမ်တစ်လုံးတို့ ဖြစ်သည်။
ဩဂုတ် ၂၁ တွင်လည်း ၂၄ နာရီအတွင်း လူ ၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။
နံနက် ၇ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ၁၃၄ လမ်း (၆၁ လမ်းနှင့် ၆၂ လမ်းကြား) တွင် စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု သတင်းများထွက်ပေါ်နေသည့် အသက် ၅၀ အရွယ် မြေပွဲစား ဦးစိုးနှင်း သတ်ဖြတ်ခံရသည်။
မွန်းလွဲ ၁ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ သိပ္ပံလမ်း (၅၇ လမ်းနှင့် ၅၈ လမ်းကြား) တွင် မြန်မာဘီယာဖြန့်ဖြူးရေးရုံးအတွင်း လက်လုံးမိုင်းဖြင့် ပစ်ခတ်ခံရပြီး ယင်းရုံးမှ ဝန်ထမ်း ၂ ဦး ခြေထောက်ဒဏ်ရာများရရှိခဲ့သည်။
ယင်းနေ့ ညနေ ၃ နာရီတွင် ပုသိမ်ကြီးကျေးရွာအနီး ရွှေစင်ကျောင်းတိုက်ရှေ့ရှိနေသည့် ချမ်းမြသာစည်မြို့နယ် မန်းစည်ပင်သန့်ရှင်းရေးဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်းဆိုသူ ပစ်သတ်ခံခဲ့ရသည်။
နောက်တစ်နေ့ နံနက်အစောပိုင်း လမ်း ၃၀၊ ၅၇ လမ်း Grand Mandalay ဆေးရုံအနီး ကိုစည်သူကိုကိုနှင့် ဇနီးဖြစ်သူ မနှင်းဝေဝေလှိုင်တို့ သေနတ်နှင့် လေးချက်ခန့် ပစ်ခတ်ခံခဲ့ရကာ ပွဲချင်းပြီး သေဆုံးသွားသည်။
သြဂုတ်လအတွင်း၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အနည်းဆုံးလေးဖွဲ့ထံမှ တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)