သတင်း

ဗန်းမောက်မြို့ SNA စခန်းကို KIA, PDF ပူးပေါင်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ဗန်းမောက်-PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါအဖွဲ့များထံ မှသိရသည်။

ဩဂုတ် ၃၁ တွင် မြို့အနောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ အနောက်ကုန်းရွာတွင်ရှိသည့်  စခန်းကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု SNA   ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။

“မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ လာပစ်တယ်၊ ကျွန်တော်တို့ကလည်း ပြန်ပစ်တော့ နောက်ဆုတ်သွားတယ်၊ ပြီးတော့ ညနေတစ်ကြိမ် ထပ်လာတိုက်တယ်၊ တမင်ကို ကျွန်တော်တို့ကို ရန်စပြီးတိုက်တယ်လို့ ထင်တယ်” ဟု သူက ပြောသည်။

KIA က PDF များကို ဦးစီးပြီး နယ်မြေချဲ့ထွင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၌မရသေးပေ။

အနောက်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်-PDF က အတည်ပြုပြီး အသေးစိတ်အချက်အလက်များကိုမူ အထက်အမိန့်မရသေးသည့်အတွက် မဖြေကြားနိုင်သေးဟု တာဝန်ခံတစ်ဦးက ပြောသည်။

ဩဂုတ် ၂၀ တွင် ဗန်းမောက်အနောက်ဘက်ရှိ နမ့်တောင်ရွာအနီး PDF နှင့် SNA တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

SNA တပ်ဖွဲ့ဝင်တချို့ကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- SNA)

ယမန်နေ့ကလည်း ဟုမ္မလင်းမြို့နယ် နတ်နန်းရွာရွာအနီးက SNA စခန်းကို PDF ပူးပေါင်းတပ်တို့ လာရောက် တိုက်ခိုက်ခဲ့သေးသည်ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။

“အဲဒီနေရာဝန်းကျင်မှာ ကျွန်တော်တို့ ရှေ့တန်းစခန်းတစ်ခုရှိတယ်၊ အဲဒီစခန်းကို မနေ့က မနက်ပိုင်းမှာ လာပစ်တယ်၊ လက်နက်ကြီးနဲ့” ဟု ဆိုသည်။

ယမန်နေ့က တိုက်ပွဲမှာ တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့သည်၊ PDF ပူးပေါင်းအဖွဲ့များ နောက်ပြန်ဆုတ်ပြီးနောက် တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။

SNA တပ်မှာ စစ်ကောင်စီတပ်နှင့် စစ်ရေးအရ ပူးပေါင်းနေသည်ဟု ဒေသခံများက ပြောသည်။

SNA တပ်နှင့် KIA,PDF ပူးပေါင်းတပ်များအကြား ဖောင်းပြင်မြို့နယ် ဟုမ္မလင်းမြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တို့တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဩဂုတ် ၂၇ ရက်က ဟုမ္မလင်းမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရှမ်းနီအမျိုးသားများညီလာခံတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းမည်ဟု ဆိုထားပြီး SNA တပ်က လူထုသဘောထားသာဖြစ်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်။ 

SNA သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီတိုင်းရင်းသားကိုယ်စားပြုလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်၊ KIA တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ရှမ်းနီတိုင်းရင်းသားများ အများစု နေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ်တို့တွင် SNA တပ်များ လှုပ်ရှားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button