သတင်း

လောင်းလုံးတွင် စစ်တပ်နှင့်ပျူက နေအိမ်စီးနင်းပြီး အုပ်ကြီးဟောင်း၏ဇနီးကို ပစ်ခတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁) နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်သားများ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းကာ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။​

မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ သဘော့ဆိပ်ကျေးရွာအုပ်စု၊ ပြင်ကြီးရွာ ပစ်ခတ်မှုတွင် စစ်တပ်နှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သိရကြောင်း လောင်းလုံး PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ကားတွေနဲ့လာပြီး သေနတ်ဖောက်ပြီးတော့ ပိုက်ဆံတွေနဲ့ ပစ္စည်းတွေ ယူသွားတယ်။ မနေ့က (ညောပြင်ရွာမှာ) လည်း လုပ်သွားတယ်။ အခု သူတို့ဘက်က ဝါဒဖြန့်နေကြတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဓားပြတိုက်မှုတွေဖြစ်လာလိမ့်မယ် ဆိုပြီးတော့ ဝါဒဖြန့်နေကြတယ်” ဟု သူက  ဆိုသည်။

အသက် ၄၀ ဝန်းကျင် ဒေါ်မီးဝေ ဆိုသူ အိမ်ပိုင်ရှင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်၊

စီးနင်းခဲ့သော နေအိမ်မှ ရွှေ၊ ငွေ၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးတို့ကို ယူဆောင်သွားသည်ဟု သိရကြောင်း လောင်းလုံး PDF ဘက်က ပြောသည်။

အဆိုပါ အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာဖြင့် လောင်းလုံးဆေးရုံ၌ ဆေးကုသမှုခံယူနေဆဲဖြစ်သည်၊ သူ၏ ခင်ပွန်းသည် ပျူစောထီးအဖွဲ့ဝင်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ မဖွဲ့ခင်က သတ်ဖြတ်ခံထားရသည်ဟု ဆိုသည်။

“သူ့ယောက်ျားက ပျူ၊ အခုတော့ မရှိတော့ဘူး။ သေတာက ကြာတော့ကြာပြီ။ ပကဖတွေ မဖွဲ့ခင်ကတည်းက ရှင်းတာ။ အဲဒီအချိန်ကတည်းက သေနတ်တကားကားနဲ့ ရွာထဲမှာ နေတာ။ အဲဒီကတည်းက အရှင်းခံလိုက်ရတာ။ ပြည်သူ့ ကာကွယ်ရေးတွေ မဖွဲ့ခင်ကတည်းက“ ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

အမည်မဖော်လိုသည့် ရွာခံတစ်ဦးကလည်း ထိုအမျိုးသမီး ပစ်ခတ် လုယက်ခံရသည်ဟု ပြောသည်။

“ဆိုင်ကယ်နှစ်စီး၊ လူ ၄ ဦး သူတို့အိမ်ထဲ ဝင်သွားခဲ့တယ်။ ခဏကြာမှာ သေနတ်ပစ်သံကြားလိုက်ပြီး (လူ ၄ ဦး) ပြန်ထွက်သွားပါတယ်။ အိမ်မှာလည်း တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

အမျိုးသမီး၏ ခင်ပွန်း ဦးဇော်မျိုးဦးဆိုသူသည် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယမန်နှစ် စက်တင်ဘာက အသတ်ခံလိုက်ရကြောင်း အထက်ပါရွာခံက ဆက်ပြောသည်။

အလားတူ ယမန်နေ့ (သြဂုတ် ၃၁) နံနက်ကလည်း လောင်းလုံးမြို့တောင်ဘက် မိုင် ၃၀ အကွာရှိ ညောပြင်ရွာကိုလည်း အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စီးနင်းခဲ့သေးသည်ဟု PDF က ထုတ်ပြန်ထားသည်။ 

ညောပြင်ရွာရှိ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ နေအိမ်ကို သေနတ်များပစ်ဖောက်စီးနင်းကာ ရွှေ ၃၀ ကျပ်သားနှင့် ငွေကျပ် သိန်း ၁၇၀ တို့ ယူဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ် ပြင်ပသို့ ပေါက်ကြားပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု ခြိမ်း ခြောက်ခဲ့သည်ဟု သိရကြောင်း PDF က ပြောသည်။ 

စစ်ကောင်စီတပ်က အရပ်သားများနေအိမ်များကို နှစ်ရက်ဆက်စီးနင်းပြီးနောက် PDF က ကျူးလွန်သယောင် ဒေသတွင်း ဝါဒဖြန့်နေသဖြင့် စုံစမ်းစဉ် ဖြစ်ရပ်မှန်ကို သိရှိရခြင်းဖြစ်သည်ဟု လောင်းလုံး PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“သူတို့ရွာထဲကို ဝင်တာကြားရတော့ ကျွန်တော်တို့သတင်းလိုက်ရင်းနဲ့ ပါသွားတဲ့ပစ္စည်းစာရင်းကို သိတာပါ။ အဲဒီရွာတွေက ပျူရွာတွေနဲ့ သိပ်မဝေးဘူး။ သူတို့ဘက်ကို ထောက်ခံတဲ့သူတွေလည်းရှိတော့ ကျွန်တော်တို့အနေနဲ့ အဲဒီဘက်ကို တိုးဖို့ခက်တယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်က စီးနင်းမှုများ ဆက်လက်ပြုလုပ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် လုံခြုံသည့် နေရာများတွင် နေပေးရန်၊ အသွားအလာ သတိထားကြရန် လောင်းလုံး PDF က မေတ္တာရပ်ခံထားသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ (သြဂုတ် ၃၁) တွင်လည်း အနီးမှ ညောပြင်ရွာကို စီးနင်း၍ ပစ္စည်းများ ယူဆောင်သွားသည်ဟု ဆိုသည်။

PDF နှင့် ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ထံမှ တုန့်ပြန်ချက် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button