
ယနေ့ (ဩဂုတ် ၃၁) တွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသွားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။
မြို့တောင်ဘက်အစွန်ရှိ ဇီးကျွန်းရွာတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့( CDSOM)က ပြောသည်။
“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တစ်ဖက်သတ် ရွာထဲကို ပစ်တာ။ သူတို့က သနပ်ကုန်းရွာဘက်ကနေ စစ်ဘေးရှောင်တွေရှိတဲ့ ရွာကို လှမ်းပစ်တာ” ဟု CDSOM ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးက ပြောသည်။
သေဆုံးသွားသူများမှာ ၄၂ နှစ်အရွယ် ဦးခင်မောင်ဦး၊ အသက် ၃၀ အရွယ် ဦးကျော်စွာသိန်း တို့ဖြစ်သည်ဟုဆိုသည်။ ဇီးကျွန်းရွာခံ ဦးခင်မောင်ဦးမှာ စစ်ဘေးရှောင်များကို ထမင်းချက်ပြုတ် ကျွေးမွေးနေသူဖြစ်သည်ဟု ကိုနွေဦးက ပြောသည်။
စစ်ဘေးရှောင် အမျိုးသား ၂ ဦး ခြေ၊ လက်၊ ရင်ဘတ်တို့တွင် ဒဏ်ရာ အပြင်းအထန်ရရှိပြီး သေဆုံးခြင်း ဖြစ်ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
ဇီးကျွန်းရွာမြောက်ဘက် ၃ မိုင်ခွဲအကွာရှိ ကျောက်ရစ်ရဲစခန်းသို့ စစ်ကောင်စီတပ်ကူများ ဩဂုတ် ၂၅ ရက်တွင် ရောက်လာသဖြင့် ကျောက်ရစ်ရွာ၊ သရက်သာရွာ၊ ဘူးကိုင်းရွာတို့မှ အရပ်သား ၇၀၀ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ယင်းတို့အနက် ရွာသား ၂၀၀ ကျော်မှာ ဇီးကျွန်းရွာအလယ်ရှိ ဘုန်းကြီးကျောင်း၌ ခိုလှုံနေကြခြင်းဖြစ်သည်။
“ရွာသားတွေက ရွာလယ်ခေါင် ဘုန်းကြီးကျောင်းမှာပဲ နေကြတာ၊ အဲဒီရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ပထမတစ်လုံးပစ်တော့ ရွာက ဆေးခန်းနားကျတယ်၊ အဲဒီမှာ ရွာသားတွေက ထပ်ပြေးကြတာ၊ နောက်တစ်လုံးက ရွာလယ်ခေါင်ကို ကျတာ” ဟု ကိုနွေဦးက ပြောသည်။
ဒဏ်ရာရသဖြင့် ဆေးကုသမှု ခံယူနေသူတို့မှာ အသက် ၈ နှစ်အရွယ် မဇူးဇူးနိုင် အပါအဝင် အမျိုးသမီး ၃ ဦး ဖြစ်သည်ဟု သိရသည်။

ပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ စက်လှေဖြင့် ၅ စီးဖြင့် ကူးလာသူများဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။
ဇီးကျွန်းရွာအနောက်ဘက် တစ်မိုင်အကွာရှိ သနပ်ကုန်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ သွားရောက်စဉ် စစ်ဘေးရှောင်များရှိရာကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ခိုက်မှုမခံရစေရန် စစ်ကြောင်းသွားမည့်လမ်းကို ပစ်ခတ်တတ်သလို ခုခံသူတို့ရှိမည်ဟု ယူဆရသည့် နေရာများကိုလည်း ပစ်ခတ်လေ့ရှိသည်။
ယနေ့ ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရသေးပေ။
ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ကျောက်ရစ်ရွာအနီးရှိ သရက်သာရွာသား ၃ ဦးကို ဖမ်းဆီးက ၂ ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး Myanmar Now က ပိုမို သိရှိရန် စုံစမ်းနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)