အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာတွင် အိမ်မီးရှို့သည့်တပ်ကို ကူညီသည်ဟု စွပ်စွဲခံရသူ အမျိုးသမီး အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း ကင်းရွာ၌ ဒလန်ဟု စွပ်စွဲခံရသည့် အမျိုးသမီးတစ်ဦး ဩဂုတ် ၂၉ မွန်းလွဲပိုင်းတွင် သတ်ဖြတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူမှာ တောင်ဂေါင်းရွာသူ အသက် ၃၅ နှစ်ဝန်းကျင် မနှင်းစုလှိုင် ဖြစ်ကြောင်း၊ ဩဂုတ် ၂၅ တွင် ထိုအမျိုးသမီး လမ်းပြခဲ့သည့် စစ်သားများက တောင်ဂေါင်းရွာရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီနေ့က သူက လမ်းပြတယ်။ သူက အမည်စာရင်းနဲ့ ဓာတ်ပုံနဲ့တကွ တိုင်ထားတာ။ စစ်သားတွေက ဓာတ်ပုံတွေ ပြပြီး မေးတယ်။ တစ်ရွာလုံး စစ်သားတွေဝင်လာလို့ ပုန်းနေ၊ ကြောက်နေကြတဲ့အချိန်မှာ သူက လမ်းသလားနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ ဒေသခံက ဆိုသည်။

“သူ တိုင်တဲ့သူတွေက စစ်သားတွေဝင်လာတော့ တောထဲ ဝင်ပြေးတာ။ အဲဒီမှာ လူမရှိတော့လို့ဆိုပြီး အိမ်တွေကို မီးရှို့ သွားတယ်။ သူတိုင်တဲ့သူတွေက တစ်နေ့လုပ်မှ တစ်နေ့စားတွေ။ ဝါးခုတ်စားတဲ့ တောသူတောင်သားတွေ။ သူလည်း နောက်တစ်နေ့ ရွာကနေ ပြေးသွားတယ်။ ပြေးတာတောင် ပေါ်ပေါ်တင်တင် မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက် ဒန်အိုးဒန်ခွက်ဝယ်တဲ့ ဆိုက်တွဲနဲ့ ခိုးလိုက်သွားတယ်”

မတ္တရာမြို့အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Mahar Revolution Force (MRF) က ထိုအမျိုးသမီးမှာ ဒလန်ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“သူ သတင်းပေးလုပ်ပြီးမှ သေမှာကြောက်တော့ တောင်ဂေါင်းရွာကနေ မတ္တရာကို ပြေးတာ။ အဲဒါ ကင်းရွာမှာ ခဏ ဝင်တိမ်းရှောင်နေချိန် ရှင်းလင်းခဲ့တယ်” ဟု MRF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက လွန်ခဲ့တဲ့တစ်လကျော်လောက်က ရှင်းလင်းခံခဲ့ရတဲ့ အကြီးစားဒလန်မြင့်တင် တူရဲ့မိန်းမ။ အဲဒီအိမ်မှာပဲ အိမ်အကူလုပ်တယ်။ မြင့်တင်သေတော့ အခဲမကျေပြီး ပြန်လက်စားချေတဲ့သဘောနဲ့ နာမည်စာရင်းနဲ့ ဓာတ်ပုံတွေကို အတိအကျတိုင်ခဲ့တာ။ အဲဒီမှာ အများကြီးဖမ်းခံခဲ့ရတယ်”

မတ္တရာမြို့နယ်အရှေ့ခြမ်းကို ဩဂုတ် ၁၈ မှစ၍ စစ်ကြောင်းထိုးနေသည့် စစ်သားများက ရွာအချို့ကို စီးနင်းကာ PDF စခန်းများကို ရှာဖွေနေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဩဂုတ် ဒုတိယပတ်က မတ္တရာမြို့နယ်တွင် အခြေစိုက်ကာ မန္တလေးမြို့တွင် စစ်ဆင်ရေးများ လုပ်ဆောင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၁ ဦးတို့ ဖမ်းဆီးခံရသည်။

ထိုဖြစ်ရပ်အပြီး ပုသိမ်ကြီးမြို့နယ်နှင့် ကပ်လျက်ဖြစ်သည့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းငယ်များ တစ်ခုပြီးတစ်ခု တောနင်းရှာဖွေခံနေရသည်ဟု မတ္တရာမြို့နယ် ပကဖခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

“အဓိကမီးရှို့ခံရတာက ကျွန်တော်တို့ဒေသအတွင်းမှာ အခြေချနေတဲ့ အဖွဲ့တွေရဲ့စခန်းနေရာတွေ၊ တောတွင်းနေရာတွေပါ့၊ အဲဒါတွေကို ဒီကောင်တွေ စစ်ကြောင်းထိုး ဖျက်ဆီးနေတာ။ မနေ့ကတော့ တောင်ဂေါင်းရွာထဲက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်” ဟု သူ ဩဂုတ် ၂၆ တွင် ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button