ဆောင်းပါး

သားဖြစ်သူ စစ်ကောင်စီတပ်ကြပ်ကြီး PDF ဖခင်နှင့် ပူးပေါင်းပြီ 

အသက် ၂၄ နှစ်အရွယ် ကိုစိုးခိုင်လင်း ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီဖြစ်သည်။ စစ်အာဏာမသိမ်းမီကတည်းက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် တပ်ကြပ်ကြီးသင်တန်း တက်ရောက်နေသဖြင့် စစ်ကိုင်းတိုင်းရှိ မိဘများနှင့်ပါ အဆက်အသွယ်ပြတ်နေခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဘန့်ဘွေးရွာမရှိ တောင်သူမိသားစုတစ်စုတွင် ကြီးပြင်းလာသူ ကိုစိုးခိုင် လင်းမှာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တပ်ထဲဝင်ခဲ့သူဖြစ်သည်။ ဘဝတက်လမ်းအတွက် အထက်တန်း အောင်ပြီးနောက် မုံရွာတွင် တက္ကသိုလ်စတက်ရင်း စစ်သားစုဆောင်းရေး ကိုယ်စားလှယ်တစ်ဦးနှင့် ဆုံမိကာ တပ်ထဲရောက်သွားသူဖြစ်သည်။

ရွှေဘိုရှိ တပ်တစ်ခုတွင် အခြေခံစစ်ပညာသင်တန်း ခြောက်လစတက်ရသည်။ ထိုမှတဆင့် တပ်ကြပ်ကြီး သင်တန်းတက်ရောက်ရန် အရွေးခံရသဖြင့် ကိုစိုးခိုင်လင်းအဖို့ ကံကောင်းသည်ဟု ဆိုရပေမည်။ တပ်ထဲ တွင်ရောက်ရောက်ခြင်း သင်တန်းပြီးသင်တန်းဆက်တွင်ခွင့်ရသည်။

သင်တန်းတက်နေသည့် နှစ်နှစ်တာလုံးလုံး အိမ်နှင့်အဆက်အသွယ်ကောင်းကောင်း မရခဲ့ပေ။ သင်တန်း တက်နေစဉ် ကာလတလျှောက်လုံး သူသိထားသည်မှာ တပ်မတော်က လိုအပ်၍ နိုင်ငံတော်အာဏာထိန်း သည်ဆိုသော ဇာတ်လမ်းမျှသာ။ လက်ကိုင်ဖုန်း သုံးခွင့်မရသော တပ်ကြပ်ကြီး ကိုစိုးခိုင်လင်း အပါအဝင် သင်တန်းသားများမှာ အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ရေရေလည်လည် နားမလည်ခဲ့ကြပေ။ 

ယခုနှစ် မေလဆန်းပိုင်းမှသာ တပ်ကြပ်ကြီးသင်တန်းတက်နေသူ ကိုစိုးခိုင်လင်း မိဘများနှင့် အဆက် အသွယ်ရသည်။ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းရှိ ရွာများကို စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးနေချိန် ဖြစ်သည်။ ရာနှင့်ချီသော ကျေးရွာများ မီးရှို့ခံရပြီးဖြစ်သည်။ ယင်းမာပင်မြို့နယ်မှ သူ့ဇာတိ ဘန့်ဘွေးရွာ မလည်း အပါအဝင်ဖြစ်သည်။

စစ်တပ်က မီးရှို့သဖြင့် ကိုစိုးခိုင်လင်းတို့ မိသားစုနေအိမ်မှာ ပြာပုံဘဝရောက်နေပြီဖြစ်သည်။ အစ်ကို ဖြစ် သူ ကိုစိုးနိုင်လင်းလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည်။ ရွာတွင် ကျန်နေသည့် ဖခင်ဖြစ်သူက ဒေသခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည်။ 

“အိမ်မီးရှို့ခံရတယ်။ အစ်ကို အသတ်ခံရတယ်။ အစ်ကိုအရင်း တစ်ယောက်ရယ်၊ ဝမ်းကွဲနှစ်ယောက်ရယ်၊ အဲဒါ စစ်သားတွေ လုပ်သွားတယ်ဆိုတာ အမေက ပြောတယ်” ဟု ကိုစိုးခိုင်လင်းက ဆိုသည်။ 

တပ်ကြပ်ကြီးသင်းတန်း ပြီးဆုံးခါနီး မိခင်နှင့် ဖုန်းပြောရင်း ကိုစိုးခိုင်လင်း သိရသမျှ အကြောင်းဖြစ်သည်။  

“အစ်ကိုတွေ အိပ်နေရင်းနဲ့ စစ်သားတွေက ဝင်သတ်သွားတယ်ဆိုတာပဲ ပြောတယ်။ ခိုးပြောတာဆိုတော့ ရှည်ရှည်ဝေးဝေး မပြောဖြစ်ပါဘူး” 

တစ်ရွာလုံး တစ်နယ်လုံး တစ်မိသားစုလုံးကို ဗြောင်းဆန်အောင် လုပ်သွားသည်မှာ “စစ်သား” များဟု မိခင် ဖြစ်သူက ပြောပြချိိန်တွင် ကိုစိုးခိုင်လင်း ဝေခွဲမရ ဖြစ်မိသည်။ ဖုန်းခိုးဆက်ရသည်ဖြစ်ရာ အချိန်ကြာကြာ မပြောနိုင်သဖြင့် အကြောင်းစုံကား မသိရသေးပေ။ 

ဖုန်းပြောစဉ် မိခင်က တပ်မှ ထွက်ခဲ့ရန် တိုက်တွန်းသည်။ သူကိုယ်တိုင်လည်း စိတ်ထဲ အခဲမကျေဖြစ်နေသည်။​ အေးအေးလူလူ သင်တန်းနေရင်း နှစ်နှစ်နီးပါးအတွင်း အခြေအနေအားလုံး ပြောင်းလဲသွားပုံက မယုံနိုင်ဖွယ်ရာပင်။ မည်သို့ ခရီးဆက်ရမည် ထိုခဏတွင် ကိုစိုးခိုင်လင်း မဆုံးဖြတ်နိုင်ပေ။ 

မေလကုန်ပိုင်းတွင် တပ်ကြပ်ကြီးသင်တန်းပြီးချိန်တွင် လက်ကိုင်ဖုန်းပြန်ရသဖြင့် ကိုစိုးခိုင်လင်း အမေဖြစ်သူနှင့် အဆက်အသွယ်ပြန်ရသည်။ အခြေအနေကို ခြုံငုံ၍နားလည်လာသည်။ မိသားစုဝင်များ သတ် ဖြတ်ခံရ၊ အိမ်မီးရှို့ခံရသည်မှာ ဘန့်ဘွေးရွာမတစ်ခုတည်း၊ သူမိသားစုတစ်ခုတည်း မဟုတ်ကြောင်း ခိုင် ခိုင်မာမာလိုက်ရသည်။ 

အခြေအနေအားလုံးကို သဘောက်ပေါက်သဖြင့် တပ်ထဲမှမဖြစ်မနေထွက်ရန် ကိုစိုးခိုင်လင်း ဆုံးဖြတ်လိုက်သည်။ တပ်မှ ထွက်ရန်ဆိုသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ အခွင့်သာမည့်အချိန်ကို စောင့် ဆိုင်းရသည်။ 

သင်းတန်းပြီးနောက် ကိုစိုးခိုင်လင်းတစ်ယောက် တီကျစ်မြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၁ တွင် တာဝန်ကျသည်။ ရာထူးမှာ တပ်ကြပ်ကြီးဖြစ်သည်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ တပ်မှအပြီးအပိုင် ခိုးထွက်ခဲ့သည်။

ယခုလတွင်း၌ပင် တပ်ကိုအောင်မြင်စွာ စွန့်ခွာနိုင်ခဲ့သည်။ တပ်ကြပ်ကြီးရာထူးဖြင့် သုံးလတာဝန်ထမ်း ဆောင်ခဲ့ရသည်။ တပ်ထဲတွင်ရှိနေစဉ် ရုံးလုပ် ငန်းသာ လုပ်ခဲ့ရပြီး ရှေ့တန်းမထွက်ခဲ့ရပေ။ 

သင်တန်းပြီးစ အသစ်စက်စက် တပ်ကြပ်ကြီး ကိုစိုးခိုင်လင်းတစ်ယောက် လက်ရှိအချိန်တွင် ဇာတိနယ် ပြန် ရောက်ပြီဖြစ်သည်။ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ဖခင်ဖြစ်သူနှင့် ရဲဘော်ရဲဘက်များ ဝမ်းပန်းတသာကြိုဆိုကြသည်။

“ရွာထဲလည်း ဘာမှ မရှိတော့ဘူး”

ကိုစိုးခိုင်လင်း၏ဇာတိ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေသော ဒေသဖြစ်သည်။ စစ်တပ်နှင့်တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်မှာ လပေါင်းများစွာရှိပြီဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ ချင်းပြည်နယ်နှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံအနောက် မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းမှာ အိန္ဒိယနိုင်ငံနှင့်လည်း နယ်နမိတ်ချင်းထိစပ်နေသည်။ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များ အင်အားအကောင်းဆုံး ဒေသဖြစ်သည်။​

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို ခြေလျင်တပ်များသက်သက်ဖြင့် မထိန်းချုပ်နိုင်တော့ဖြင့်  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေသည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် သောနှိမ်နင်းမှုများကြောင့်  စစ်ကိုင်းတိုင်းသည် မြန်မာပြည်တွင် အဆိုးရွားဆုံးသော စစ်တလင်းဖြစ်လာ သည်။

လက်နက်ကိုင်ခုခံမှုကို စစ်တပ်က ဖြိုခွင်းရင်း ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ခံသည့် ရွာများကိုပါ ဖျက်ဆီးပစ်နေသည်။ အာဏာသိမ်းပြီးချိန်မှ ဩဂုတ် ၂၅ အထိ စစ်ကိုင်းတိုင်းအတွင်း အိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထိုဖြစ်စဉ်များကို လေ့လာမှတ်တမ်းတင်နေသည့် Data For Myanmar အဖွဲ့က ဆိုသည်။​ 

ရွာအပြန်ခရီးတလျှောက် တပ်ကြပ်ကြီး စိုးခိုင်လင်းတစ်ယောက်မြင်ခဲ့ကြားခဲ့ရသည်များက အသည်းနာ စရာကောင်းလှသည်။ စစ်တပ်အပေါ် လက်တုံ့ပြန်လိုစိတ်များ ပေါက်ဖွားလာသည်။ 

“ရွာဆိုရွာမှန်း မသိတော့ဘူး။ အကုန်လုံး မီးတွေရှို့ခံရတာ။ ရွာထဲလည်း ဘာမှ မရှိတော့ဘူး။ ရွာနဲ့ကို မတူဘူး။ ကျွန်တော်တို့နယ်မှ မဟုတ်ဘူး။ စရောက်ကတည်းက ကြည့်လာတဲ့ လမ်းတစ်လျှောက်လုံး။ လမ်းဘေးတွေက ဆိုင်တွေ၊  တိုက်တွေ၊ အိမ်တွေ အကုန်မီးရှို့ခံထားရတာ” ဟု ယင်းမာပင်နယ်ပြန် ရောက်နေပြီဖြစ်သော ကိုစိုးခိုင်လင်းက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်ေသာ ရိုးမရာဇာအဖွဲ့၏ အဆက်အသွယ် ဖြင့် တပ်ကြပ်ကြီးစိုးခိုင်လင်း ဇာတိနယ်ပြန်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ထွန်းတောက် အမည်ခံကာ ဒေသကာကွယ်ရေးလှုပ်ရှားနေသည့် ၅၂ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် ပြန်လည်ပေါင်းစည်းမိပြီဖြစ်သည်။​

အဖေ PDF၊ သားတပ်ကြပ်ကြီးဖြစ်သော်လည်း လက်ရှိတွင် သားအဖနှစ်ဦး စိတ်တူကိုယ်တူပေါင်းစည်းမိ ပြီဖြစ်ည်။ ဖခင်ဖြစ်သူ ဗိုလ်ထွန်းတောက်အဖွဲ့တွင် ကိုစိုးခိုင်လင်း ပါဝင်လှုပ်ရှားတော့မည်ဖြစ်သည်။ တပ် ကြပ်ကြီးရာထူးကို စွန့်လွှတ်ခဲ့သူ သားကောင်းအဖြစ် သားအတွက် ဗိုလ်ထွန်းတောက် ဂုဏ်ယူနေသည်။​

“ပြည်သူဘက် ပူးပေါင်းလာရင်တော့ ကိုယ့်သားပေ့ါဗျာ။ ထွက်မလာရင်တော့ အသေစာရင်းသွင်း လိုက် မှာ။ တော်လှန်ရေးနဲ့ စစ်သားဆိုတာ တစ်ကန့်စီကိုး” ဟု ဗိုလ်ထွန်းတောက်က ပြောသည်။ 

ဗိုလ်ထွန်းတောက်တို့ ဘန့်ဘွေးရွာမမှာ ချင်းတွင်းမြစ်အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်းမပေါ် တွင်ရှိသည်။ လူဦးရေ ၁,၃၀၀ ခန့် ရှိပြီး ရွာသူရွာသားအများစုမှာ ပဲ၊ နှမ်းစိုက်ပျိုးရေးကို လုပ်ကိုင်သည်။ 

မွေးချင်းခုနှစ်ဦးထိရှိသော်လည်း ကိုစိုခိုင်းလင်းကမူ သူ့ညီအစ်ကိုမောင်နှမများအကြောင်း အသေးစိတ် မပြောလိုပေ။ 

ဇာတိရွာပြန်ရောက်လာသည့် တပ်ကြပ်ကြီး စိုးခိုင်လင်းကို ဖခင်ဖြစ်သူနှင့်အတူ တွေ့ရစဉ်

တော်လှန်ရေးအစ ဘန့်ဘွေးရွာမ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နိုင်ငံအနှံ့ ဆန္ဒပြပွဲများဖြစ်လာချိန်တွင် စစ်ကိုင်းတိုင်းအနောက် တောင်ဘက်ရှိ ဘန့်ဘွေးရွာမ၌ ဆန့်ကျင်သူတစ်ဝက်၊ ထောက်ခံသူတစ်ဝက်ဖြစ်နေသည်။ 

လူဦးရေထူထပ်သည့် ရွာကြီးတစ်ရွာဖြစ်သည်နှင့်အညီ ဟိုဘက်သည်ဘက် ထောက်ခံသူ၊ ဆန့်ကျင်သူများ ဖြင့်အုပ်စုကွဲနေသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို ရွာရှိ ကြံ့ခိုင်ရေးပါတီဝင်များက လေး ဂွဖြင့် ချောင်းမြောင်းပစ်ခတ်သည်။ စစ်တပ်ထောက်ခံပွဲများလည်း အပြိုင်ပြုလုပ်လေ့ရှိသည်။

အာဏာသိမ်းပြီး နှစ်လအကြာတွင် ပေါ်ပေါက်လာသည့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ကိုစိုးခိုင် လင်း၏ဖခင် ဗိုလ်ထွန်းတောက်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။

ထိုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အမည်စာရင်းပေါက်ကြားသွားခဲ့ရာ တစ်ဖွဲ့လုံး ရွာမှထွက်ပြေးတိမ်းရှောင်ရ သည်။​ ဗိုလ်ထွန်းတောက်လည်း လက်နက်ကိုင်ခုခံရန် ဆုံးဖြတ်လိုက်တော့သည်။ ပတ်ဝန်းကျင်ရွာများရှိ အမဲလိုက်မုဆိုးများထံမှ တူးမီးသေနတ်များ ရှာဖွေစုဆောင်းသည်။ မုဆိုးများထံမှ ယမ်းစပ်နည်းကို သင် ယူသည်။ စစ်တပ်ကို ခုခံတော်လှန်ရန် ပြင်ဆင်သည်။

ဗိုလ်ထွန်းတောက်တို့အဖွဲ့ စစ်ကောင်စီတပ်နှင့် နဖူးတွေ့ဒူးတွေ့ကြုံရသည်မှာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း ကဖြစ်သည်။ ခြောက်မိုင်ခန့်သာဝေးသည့် သပြေအေးရွာအနီးတွင်ဖြစ်သည်။ သပြေအေးကျောင်းဆရာ တော် ဦးသောပါကကို စစ်တပ်က အင်အားအလုဲံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းစဉ် ဒေသခံ ရွာများ စုပေါင်းခုခံခဲ့ကြခြင်းဖြစ်သည်။ 

ထိုသပြေအေးရွာတိုက်ပွဲမှာ ဗိုလ်ထွန်းတောက်တို့အတွက် ပထမဆုံးအတွေ့အကြုံဖြစ်သည်။​

“အဓိကကတော့ လက်နက်ကိုင်ရတာက ပါးစပ်နဲ့ တို့အရေးဆိုတာကို ဒီကောင်တွေဆီကနေ မရတော့ဘူး ဆိုတာ အကုန်လုံးက သိကြတယ်… ဒါပေမဲ့ ကျွန်တော်တို့ ရွာအနေအထားက ကိုင်ရမယ့်အနေအထား ဖြစ်သွားတာလေ” ဟု ဗိုလ်ထွန်းတောက်က ပြန်ပြောပြသည်။

ဘန့်ဘွေးရွာမနှင့် ရွာနီးစပ်ချုပ်များ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းစဉ် ဗိုလ်ထွန်းတောက်ကို ခေါင်း ဆောင်အဖြစ် ခန့်အပ်သည်။ အဖွဲ့အမည်ကိုလည်း ဗိုလ်ထွန်းတောက်ဟုပေးသည်။ ပြောက်ကျားနည်းဖြင့် စစ်တပ်ကို ခုခံရန်ပြင်ဆင်ကြသည်။

ဗိုလ်ထွန်းတောက်အမည်ခံ ဖခင်၏ဒေသကာကွယ်ရေးအဖွဲ့တွင် ကိုစိုးခိုင်လင်း၏ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကို ကိုစိုးနိုင်လင်းတို့လည်း ပါဝင်သည်။ အာဏာမသိမ်းမီက တောသူတောင်သား ယာအလုပ် ကိုသာ လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။​

“ကျွန်တော်တို့က ကျေးရွာကာကွယ်ရေးအဆင့်ပါပဲ။ စစ်ဆင်ရေးတွေ အနီးနားမှာရှိရင် ဘယ်တပ်ရင်း တပ်ဖွဲ့မဆို ကျွန်တော်တို့ကို ခွဲတမ်းပေးတဲ့ တာဝန်တွေပေ့ါ။ ကင်းထောက်တာဝန်ပဲဖြစ်ဖြစ်၊ ထောက်ပို့ပဲ ဖြစ်ဖြစ်၊ ထမင်းပို့၊ ရေးပို့ပဲဖြစ်ဖြစ် တွဲလုပ်ပေးတယ်” ဟု ဗိုလ်ထွန်းတောက်က ပြောသည်။

“မိုင်းကွင်းနဲ့ အဓိက စောင့်ရတာ။ မိုင်းခွဲပြီး အခြေနေကောင်းရင် ဝိုင်းသိပ်ပေ့ါဗျာ။ အခြေနေမကောင်းရင် ပြေးရတာပေါ့”

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးသည့်နောက် ဖခင်ဗိုလ်ထွန်းတောက်မှာ သူခုံမင်သည့်အရက်ကို ဖြတ်လိုက်သကဲ့သို့ တပ်ထဲရောက်နေသူ သားဖြစ်သူ၏ ဖုန်းနံပါတ်ကိုပင် ဖျက်ပစ်ခဲ့သည်။ ပြဒါးတစ်လမ်း သံတစ်လမ်းမို့ သေလူဟုသာ သဘောထားလိုက်သည်။ မတော်တဆ တိုက်ပွဲတစ်ခုခုတွင် ထိပ်တိုက်တွေ့ပါ က လက်ဦးမှုယူ ပစ်ရန်ပင် ဗိုလ်ထွန်းတောက် ဆုံးဖြတ်ထားသည်။

“စစ်ကြောင်းမှာ ပါလာတဲ့အခါကျရင် ဦးသူပဲ။ ဦးသူ (ပစ်) ဖြစ်သွားပြီဗျ။ စစ်တပ်ဘက်နဲ့ တော်လှန်ရေး ဘက်နဲ့ တွေ့ကျပြီဟေ့ဆိုရင် ဦးသူ (ပစ်ဖို့) ဆိုတာ လူတိုင်း ဆုံးဖြတ်ထားတဲ့ကိစ္စပဲ” ဟု ဗိုလ်ထွန်းတောက်က ပြောသည်။

ဗိုလ်ထွန်းတောက်က ထိုသို့ပြတ်သားစွာ ဆုံးဖြတ်ထားသော်လည်း စစ်တပ်ထဲတွင် သားတစ်ယောက် ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်၏ မယုံသင်္ကာဖြစ်မှုများကို ရင်ဆိုင်ရသည်။ 

“လက်နက်ကိုင်တဲ့အချိန်မှာ သားတစ်ယောက်က စစ်ထဲမှာဆိုတော့ သိပ်မယုံကြဘူးပေ့ါ။ သူ့လူ ကိုယ့် ဘက်သားလို့ အထင်ခံရတာရှိတယ်” ဟု ဗိုလ်ထွန်းတောက်က ဆိုသည်။

သားတစ်ယောက်နှင့် တူနှစ်ဦး ဆုံးရှုံးပြီးမှသာ အဖွဲ့သားများ၏ ယုံကြည်မှုကို ဗိုလ်ထွန်းတောက်ရခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကဖြစ်သည်။ ဘန့်ဘွေးရွာမကို စစ်တပ်က ဝင်စီးစဉ် ဗိုလ်ထွန်း တောက်၏ သားတစ်ယောက်နှင့် တူနှစ်ယောက် ပစ်သတ်ခံရသည်။ ရွာနှင့် နှစ်ဖာလုံခန့်အကွာတွင် ကင်း ထောက်သွားရင်း စစ်ကြောင်းနှင့် ပတ်ပင်းတိုးကာ အသတ်ခံရခြင်းဖြစ်သည်။ 

“သူတို့စိတ်ထဲ ကာကွယ်ရေးအဖွဲ့ထင်ရင် အရှင်ခေါ်တယ်ဆိုတာ ရှားတာကို။ အဲဒီစစ်ကြောင်းမှာ ရွာခံပါ တာရယ်၊ ကာကွယ်ရေးအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာ သေချာသိနေတော့ လုံးဝအစစ်အဆေး မရှိဘူး။ တေ့ပစ်သွားတာ” ဟု ဗိုလ်ထွန်းတောက်က ပြန်ပြောပြသည်။

သတ်ဖြတ်ခံလိုက်ရသူများမှာ စိုးခိုင်လင်း၏အစ်ကိုအရင်း စိုးနိုင်လင်း၊ ညီအစ်ကိုဝမ်းကွဲတော်သည့် ၂၀ ကျော်အရွယ် စိုးနိုင်ထွန်းနှင့် ကျော်နိုင်ဌေးတို့ဖြစ်သည်။ ရွာမှစစ်ကြောင်း ပြန်ထွက်ပြီး သုံးရက်ကြာမှသာ သူတို့၏ အလောင်းများကို ပြန်ကောက်ရခဲ့သည်။

ထိုစဉ်ကတည်းက ဘန့်ဘွေးရွာကို စစ်ကောင်စီတပ်က ဝင်လိုက်၊ ထွက်လိုက်သာ စီးနင်းခဲ့သည်။ လွန်ခဲ့ သောခြောက်လမှစ၍ ဗိုလ်ထွန်းတောက်တို့ရွာကို စစ်တပ်က အထိုင်ချတပ်စွဲခဲ့သည်။

စစ်သား  ၆၀၊ ရဲ ၃၀ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့်တူ ၎င်းတို့ကို ထောက်ခံသည့် မိသားစုဝင်  ၁၀၀ နီးပါးမှလွဲ၍ ကျန်ရွာသားများမှာ ရွာအနီး မကပ်နိုင်ကြတော့ပေ။ ဗိုလ်ထွန်းတောက်၏ အိမ်အပါဝင် စုစုပေါင်း အိမ် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည်။

“လုပ်စရာစီးပွားရေးလည်း မရှိတော့ဘူး။ ခေါင်းပြားအောင်လည်း မအိပ်ရတော့ဘူး။ အိပ်စရာအိမ်လည်း မရှိတော့ဘူး။ ယာယီနေတဲ့ နေရာမှာတောင် ဒရုန်းနဲ့ စစ်တပ်က ဗုံးသီးလာချတယ်။ အထဲမှာမရှိနေလို့ လွတ်ခဲ့တယ်”ဟု ဗိုလ်ထွန်းတောက်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button