သတင်း

AA နှင့်စစ်တပ် တိုက်ပွဲပြင်းထန်၊ ပလက်ဝမြို့ပေါ် ဒေသခံထောင်ချီ ထွက်ပြေး

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေရာ ကျေးရွာများအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားသေဆုံးမှုများ ရှိနေသောကြောင့် တစ်ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံ ထောင်နှင့်ချီ ရှိလာသည်။

မေလမှ စတင်၍ တိုက်ပွဲများဖြစ်လာသော ပလက်ဝတွင် ဩဂုတ် တတိယပတ်အတွင်း တိုက်ပွဲများ ပြင်းထန်လာသဖြင့် ပလက်ဝမြို့ပေါ်သို့ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး အများစုမှာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း မြို့ခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၂၀ တည်းက ကုလားတန်မြစ်အောက်ပိုင်း နှမဒါချောင်းအတွင်းရှိ သူဌေးကုန်းကျေးရွာအနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေပြီး ဩဂုတ် ၂၂ ကလည်း ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသော ရုပ်ချောင်းအတွင်းရှိ ကန့်လေ၊ အဘောင်သား စသည့်ကျေးရွာများအနီး  တိုက်ပွဲ ဖြစ်ခဲ့သည်။ 

အဘောင်သားကျေးရွာ ရွာလုံးကျွတ်ထွက်ပြေး

မြို့ပေါ်မှ ၄ မိုင်ခန့်အကွာ အိမ်ခြေ ၁၂၃ စုရှိသော အဘောင်သားကျေးရွာအနီး ဩဂုတ် ၂၂ က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ရွာခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထမင်းချက်နေတဲ့အချိန်မှာ အိမ်နားကို လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရသွားတာပါ။ ဒဏ်ရာရတာက မိသားစု တစ်စုတည်းက ၃ ယောက် ဒဏ်ရာရသွားတာပါ။ သူတို့က ဆေးရုံကိုလည်း မရောက်နိုင်ကြဘူး။ ဒီလိုပဲ ဆေးတွေဝယ်ပြီး သောက်နေကြရတယ်

ညီအစ်ကို ၃ ဦး ခန္ဓာကိုယ်နှင့် ခြေထောက်များတွင် ဒဏ်ရာရ ရှိသွားကြောင်း ထိုကျေးရွာမှ ချင်းအမျိုးသမီးတစ်ဦးက ပြောသည်။

“ထမင်းချက်နေတဲ့အချိန်မှာ အိမ်နားကိုလက်နက်ကြီး ကျည်ကျလို့ ဒဏ်ရာရသွားတာပါ။ ဒဏ်ရာရတာက မိသားစု တစ်စုတည်းက ၃ ယောက် ဒဏ်ရာရသွားတာပါ။ သူတို့က ဆေးရုံကိုလည်း မရောက်နိုင်ကြဘူး။ ဒီလိုပဲ ဆေးတွေ ဝယ်ပြီး သောက်နေကြရတယ်” ဟု ဆိုသည်။

အလားတူ သြဂုတ် ၂၄ နံနက်က အဘောင်သားရွာမှ မူလတန်း(လွန်) ကျောင်းအုပ်၏ ဇနီး အသက် ၄၆ နှစ် အရွယ် နန်းလောင်ဆန်း မိုင်းနင်းမိပြီး ၎င်း၏ ရုပ်အလောင်းကို ရွာနှင့်တစ်ဖာလုံခန့်အကွာ ချောင်းတစ်ဖက်ကမ်းတွင် ရွာသားများ တွေ့ရှိခဲ့သည်။ 

သြဂုတ် ၂၁ နေ့ မွန်းလွဲပိုင်းက ရွာအနီး တောင်ယာသို့ မျှစ်ခူးရန်သွားသည့် ခင်ပွန်းဖြစ်သူ ပြန်ရောက်မလာ၍ သွားရောက်ရှာဖွေသူဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

“သူက လင်ကိုရှာဖို့သွားတဲ့အချိန်မှာ မိုင်းပေါက်လို့ ဆုံးသွားတာ။ လင်က ပျောက်နေတာ တနင်္ဂနွေနေ့ ဟင်းရှာဖို့သွားတာ ပြန်ရောက်မလာဘူး။ ပျောက်နေတာ ၄ ရက်လောက်ရှိပြီဆိုတော့ စိတ်ပူပြီး လိုက်ရှာတဲ့အခါ မိုင်းနင်းမိသွားတာ”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး  တိုက်ပွဲပြင်းထန်နေသောကြောင့်  ရွာသားများက သူ့ကို ရှာဖွေနိုင်ခြင်းမရှိခဲ့ကြောင်း၊ ဩဂုတ် ၂၄ တွင် ရွာသူရွာသားအားလုံး  နေရပ် စွန့်ခွာခဲ့ရကြောင်း သူက  ဆက်ပြောသည်။

၂၀၂၀ ဖေဖော်ဝါရီလက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် မြင်ကွင်း။ (ဓာတ်ပုံ-Myanmar Now)

နေရပ်စွန့်လာသူများသည်  မြို့ပေါ်ရှိခရစ်ယာန် ဘုရားကျောင်းနှင့် နီးစပ်ရာဆွေမျိုးများထံတွင် ခိုလှုံနေရကြောင်း သိရသည်။

“သြဂုတ် ၂၄ ရွာလုံးကျွတ်ထွက်ပြေးလာကြတာပါ။ တိုက်ပွဲဖြစ်နေတာက တစ်ပတ်လောက်ကြာနေပြီ။ တနင်္ဂနွေ၊ တနင်္လာနေ့တွေက ရွာနဲ့အနီးလေးကပ်ပြီးတော့ ဖြစ်တာဆိုတော့ ရွာထဲမှာ လက်နက်ကြီးကျည်တွေ အများကြီး ကျတယ်”ဟု မြို့ပေါ်သို့ ခိုလှုံလာသည့် ထိုအမျိုးသမီးက ပြောသည်။ 

အဘောင်သားကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိတွင် AA က ရွာအတွင်း နေရာယူထားပြီး ၎င်းရွာအနီးဝန်းကျင် တောင်ကုန်းများတွင် စစ်ကောင်စီတပ်က နေရာယူထားကြောင်း နေရပ်စွန့်ခွာလာသည့် အဘောင်သားရွာသားတစ်ဦးက ပြောသည်။

“ငါတို့အားလုံးပြေးလာကြတာနဲ့ ရွာထဲကို AA တွေက ဝင်ကြတယ်။ အခုရွာမှာ သူတို့နေတယ်။ စစ်သားတွေကတော့ ရွာနားက ကုန်းပေါ်မှာ နေကြတယ်။ အဲဒီကုန်းကို ရွာကနေမြင်နေရတယ်။ ခြေ(လျင်) နဲ့ သွားမယ်ဆိုရင် ၁၀ မိနစ် လောက် သွားရတယ်”ဟု သူက ဆိုသည်။

စစ်ရှောင်များကို လက်မခံရန် ညွှန်ကြားထား

အဘောင်သားကျေးရွာအပါအဝင် ကြက်ယက်ကိုင်း၊ တုံးမဝ၊ ရဲမဝ စသည့် ကျေးရွာများမှ အိမ်ထောင်စု ၂၀၀ ကျော် လူဦးရေ တစ်ထောင်ခန့် ထွက်ပြေးနေရပြီး လမ်းခရီးအခက်အခဲများကြောင့် ပလက်ဝမြို့ပေါ်သို့ ခိုလှုံရန် ရောက်မလာနိုင်သေးသူများရှိကြောင်း  စစ်ဘေးရှောင်များက ဆိုကြသည်။

ပလက်ဝမြို့ပေါ်တွင်ရှိသော  စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၅ ခုတွင် လတ်တလောထွက်ပြေးလာသော စစ်ရှောင်များကို လက်မခံရန် မြို့နယ်ထွေအုပ်က ညွှန်ကြားထား၍  နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်ကြုံနေရသည်ဟု ထွက်ပြေးလာရသူများက ပြောသည်။

တိုက်ပွဲဖြစ်နေသော နှမဒါကျေးရွာအနီးနားမှ တုံးမဝနှင့် ရဲမဝကျေးရွာဘက်မှ ထွက်ပြေးလာသည့် စစ်ရှောင် ၁၂၀ ကျော်မှာ စိုက်ပျိုးရေးကွင်းအမည်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံခွင့်မရ ဖြစ်နေသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ဆိုသည်။

“စစ်ရှောင်တွေက အသုတ်လိုက်၊ အသုတ်လိုက် ရောက်လာကြတယ်။ ဒီရက်ပိုင်းအတွင်းက ပိုများပါတယ်။ ဒုက္ခသည်စခန်းက လက်မခံလို့ အခုသူတို့က ပြင်ပနေအိမ်တွေမှာ ဘုန်းတော်ကြီးကျောင်းတွေမှာ ကပ်ပြီး နေနေကြရတယ်။ တိုက်ပွဲဖြစ်တာက ရွာထဲမှာဖြစ်တာမဟုတ်၊ ရွာမှာဖြစ်တာမဟုတ်၊ အဲဒါနဲ့ လက်မခံတဲ့ ပုံစံမျိုးပါ”ဟု ထိုသူက ရှင်းပြသည်။

“ထွေအုပ်ကပြောတာက သူတို့ လက်မခံတာ မဟုတ်၊ စစ်တပ်က လက်မခံတဲ့ ပုံစံ‌ပြောတာလို့ သိရတယ်။ အဲဒီ စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်းက အစိုးရက ဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းပါ”

ယခင်တိုက်ပွဲကာလအတွင်းက နေရပ်စွန့်ခွာလာကြသော ဒုက္ခသည်များမှာမြို့ပေါ် ဘောလုံးကွင်း၊ စိုက်ပျိုးရေးကွင်း၊ ဝသုဒ္ဓါရုံ စစ်ဘေးရှောင်စခန်းတို့တွင်ခိုလှုံနေကြပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ခန့်ရှိကြောင်းသိရသည်။

“စားဖို့သောက်ဖို့က တစ်ခုကမှ လာမပေးကြဘူး။ ငါတို့က ခရစ်ယာန်တွေဆိုတော့ ကိုယ့်အသင်းတော်ကပေးတယ်။ အဲဒါနဲ့ လောက်ငအောင် စားနေတာပါ။ ဆန်နှစ်ဘူးပေးတယ်ဆိုရင် အဲဒီဆန်နှစ်ဘူးနဲ့ လောက်အောင် စားရတာပါ”

လွန်ခဲ့သည့် ၅ လ ခန့်က စိုက်ပျိုးကွင်း စစ်ရှောင်စခန်းမှ ပြန်သွားသော ရဲမဝကျေးရွာဒေသခံများထဲမှ တချို့  ဩဂုတ် ၂၂ တွင်  ပြန်ရောက်လာသော်လည်း ယခု လက်မခံရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ 

ထိုညွှန်ကြားချက်နှင့်ပတ်သက်ပြီး ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ယခင်က စစ်ဘေးရှောင်များအတွက် တစ်လလျှင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ဆန်အိတ် ၂၅၀၀ ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါ အိတ် ၁၂၀၀ ခန့်သာ ရတော့သည်။ 

အဘောင်သားကျေးရွာမှ ထွက်ပြေးလာသည့် ဒုက္ခသည်များမှာ ရိက္ခာရပ်ကွက်မှ RC ခရစ်ယာန်ကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေရသည်။

“စားဖို့သောက်ဖို့က တစ်ခုကမှ လာမပေးကြဘူး။ ငါတို့က ခရစ်ယာန်တွေဆိုတော့ ကိုယ့်အသင်းတော်ကပေးတယ်။ အဲဒါနဲ့ လောက်ငအောင် စားနေတာပါ။ ဆန်နှစ်ဘူးပေးတယ်ဆိုရင် အဲဒီဆန်နှစ်ဘူးနဲ့ လောက်အောင် စားရတာပါ”ဟု ရွာခံ ချင်းအမျိုးသမီးက ပြောသည်။

ပလက်ဝကို ထိန်းချုပ်ရန် AA ကြိုးစား

ဩဂုတ် ၂၀ ကတည်းက ဖြစ်နေသော ပလက်ဝမြို့အောက်ပိုင်း နှမဒါချောင်းအတွင်းရှိ သူဌေးကုန်းကျေးရွာအနီးနှင့် အထက်ပိုင်း ရုပ်ချောင်းအတွင်းရှိ အဘောင်သားကျေးရွာအနီးတို့တွင် တိုက်ပွဲမှာ ယနေ့အထိ ဆက်တိုက်ပြင်းထန်နေ သည်။ 

AA တပ်ဖွဲ့ဝင်တစ်ဦး တောတွင်းတစ်နေရာတွင် လေ့ကျင့်ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA) 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်များအသုံးပြုကာ ပစ်ကူပေးမှုများလည်းရှိသည်ဟု ပလက်ဝမြို့ခံများထံမှ သိရသည်။

“တိုက်လေယာဉ်တွေလည်းသုံးတယ်။ ဒါပေမယ့် အသံပဲ ကြားရတယ်မမြင်ရဘူး။ ရဟတ်ယာဉ်တွေလည်း နေ့တိုင်းလာတယ်။ မနေ့ကလည်းလာတယ်။ ဒီနေ့ (ဩဂုတ် ၂၅) လည်း လာသံကြားလိုက်ရတယ်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေက နေ့တိုင်းကြားနေရတယ်”ဟု ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက မြို့ပေါ်မှ ကြားရသည့်အခြေအနေကို ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၅) တွင် ပလက်ဝမြို့အနီး ၃ နေရာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လက်နက်ကြီးနှင့် စက်သေနတ်ဖြင့်ပစ်သံများကို ကြားနေရကြောင်း မြို့ခံနောက်တစ်ဦးက ဆိုသည်။

“ဒီပလက်ဝမြို့ရဲ့ အနီးတစ်ဝိုက်မှာတော့ ကျွန်တော်တို့ အသံကြားရသလောက်ဒီနေ့ ၃ နေရာလောက် ဖြစ်နေတာ ကြား နေရတယ်။ လက်နက်ကြီးသံက မနေ့က တစ်ရက်လုံး ကြားနေရတာ။ စက်သေနတ်သံတွေက တစ်ခါကြားရရင် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြားရတယ်”ဟု ၎င်းမြို့ခံက ပြောသည်။

စစ်ကောင်စီတပ်က နေရာယူထားသည့် သူဌေးကုန်းကို AA တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲမှာ နယ်မြေ ထိစပ်နေသော ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာအနီး ဆက်လက်ဖြစ်ပွားနေကြောင်း AA နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ပလက်ဝမှာဆိုရင် နေရာတော်တော်များများကို စစ်တပ်က လွတ်သွားပြီ။ ပြောရမယ်ဆိုရင် ၂၈၉ ဆိုရင်လည်း တပ်မ ကနေပြီး ထွက်လို့မရတဲ့ အတိုင်းအတာဖြစ်နေတာ။ ထွက်ရင် ကာကင်းချထားတာတွေကိုတောင် အကုန်ဆွဲမှာ ။ အခု သူတို့ကို ရိက္ခာဖြတ်ထားသလိုပါ။ ရိက္ခာပြတ်ရင်တော့ သူတို့(စစ်တပ်)ဘယ်ရတော့မလဲ

“ပလက်ဝဘက်ကနေ AA က တိုက်ချလာတာ အခုတော့ သူဌေးကုန်းတွေဘာတွေတော့ ကျော်လာပြီလို့ သိရတယ်။ အဲဒီသူဌေးကုန်းက နှမဒါရဲ့ အောက်ဘက်ကိုကျတယ်။ နှမဒါရွာဆိုတာကလည်း မုန့်သန်းပြင်နဲ့ သိပ်မဝေးတော့ဘူးလေ” ဟု သူက ဆိုသည်။

ယခင်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် တင်းမကျေးရွာအနီးနှင့် မီးချောင်းဗျူဟာကုန်း အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က သွားလာ၍ရနေသေးသော်လည်း ပလက်ဝဒေသ နေရာအများစုကိုမူ AA က ပိတ်ဆို့ ထိန်းချုပ်ထားကြောင်း  သူက ဆက်ပြောသည်။

“ပလက်ဝမှာဆိုရင် နေရာတော်တော်များများကို စစ်တပ်က လွတ်သွားပြီ။ ပြောရမယ်ဆိုရင် ၂၈၉ ဆိုရင်လည်း တပ်မ ကနေပြီး ထွက်လို့မရတဲ့ အတိုင်းအတာဖြစ်နေတာ။ ထွက်ရင် ကာကင်းချထားတာတွေကိုတောင် အကုန်ဆွဲမှာ ။ အခု သူတို့ကို ရိက္ခာဖြတ်ထားသလိုပါ။ ရိက္ခာပြတ်ရင်တော့ သူတို့(စစ်တပ်)ဘယ်ရတော့မလဲ”ဟု ဆိုသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ပလက်ဝမြို့နယ်သည်   အင်တာနက် ဖြတ်တောက် ခံထားရသည်။

ကျောက်တော်မြို့ဘက်မှ ကုန်စည်စီးဆင်းရာ ကုလားတန်မြစ်ရေလမ်းကြောင်းကိုလည်း ယခုလဆန်းကတည်းက စစ်ကောင်စီက ပိတ်ဆို့ထားသည်။

ထို့ကြောင့် စစ်ရှောင်အများအပြားရောက်ရှိနေသော ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ စျေးမြင့်တက်နေသလို မေလမတိုင်မီက ပလက်ဝမြို့တွင် ကြက်ဥကို တစ်ထောင်ဖိုးလျှင် ၅/၆ လုံးခန့်ရှိရာမှ စျေးသုံးဆ ထိုးတက်နေပြီး လိုသလောက်ပင် ဝယ်မရကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် ထိစပ်နေကာ AA ခြေကုပ်ယူလှုပ်ရှား နေသကဲ့သို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) လှုပ်ရှားမှုလည်းရှိကာ ချင်းနှင့်ရခိုင်လူမျိုးများ ရောနှော နေထိုင်ကြသည့်နေရာ ဖြစ်သည်။

ထိုတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် AA ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button