သတင်း

ဖောင်းပြင်တွင် အရပ်သား ၄ ဦး အသတ်ခံရပြီး အိမ် ၃၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သငါရွာတွင် တပ်စွဲခဲ့သည့် စစ်တပ်က အရပ်သား ၄ ဦးထက်မနည်းကို သတ်ဖြတ်ပြီး နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ဩဂုတ် ၂၂  မွန်းလွဲပိုင်းတွင် မော်လိုက်မြို့မှလာသည့် အင်အား ၈၀ ခန့်ပါသော စစ်ကြောင်းသည် ဖောင်းပြင်နှင့် မော်လိုက်မြို့နယ်စပ်တွင်ရှိသည့် သငါရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခဲ့သည်ဆိုသည်။

“ရွာထဲကို စဝင်ကတည်းက လက်နက်ကြီးတွေပစ်ပြီး မီးစရှို့တာ၊ ဘုန်းကြီးကျောင်းနဲ့ သုံးထပ်တိုက်မှာ တပ်စွဲထားပြီး ပစ်တယ်၊ တိုက်နယ်ဆေးရုံနားမှာ အလောင်းတစ်လောင်း ဓမ္မာရုံနားမှာ တစ်လောင်းတွေ့တယ်” ဟု ဖောင်းပြင်-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇေက ပြောသည်။

စစ်တပ် ရောက်လာစဉ် သက်ကြီးရွယ်အိုများနှင့် ထွက်မပြေးနိုင်သည့် ဒေသခံ ၆၀ ခန့်ရွာအတွင်း ပိတ်မိနေခဲ့သည်။ စစ်ကောင်စီတပ်သားများ ရွာတွင် တပ်စွဲပြီးနောက် ရွာကို မီးရှို့၊ ဒေသခံအချို့ကို သတ်ဖြတ်ကာ နောက်တစ်နေ့ ညနေပိုင်းတွင် ရွာမှ ထွက်ခွာသွားသည်ဟု ဖောင်းပြင်-PDF မှ ကိုအောင်ဇေက ဆိုသည်။

သို့သော် တယ်လီဖုန်းဆက်သွယ်ရန် ခက်ခဲခြင်း၊ ထွက်ပြေးနေရသည့် ဒေသခံများ ရွာသို့ ပြန်မရောက်သေးခြင်းကြောင့် သေဆုံးသူတို့၏အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ကလေးမြို့အထက်ပိုင်းရှိ ဖောင်းပြင်၊ မော်လိုက်တို့သည် အိန္ဒိယနယ်စပ်နှင့်နီးသော မြို့နယ်များ ဖြစ်သည်။

သငါရွာသည် ဖောင်းပြင်မြို့၏ တောင်ဘက်အစွန်ဆုံး မိုင် ၄၀ ခန့်အကွာရှိ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းပေါ်တွင် ရှိပြီး အိမ်ခြေ ၅၀၀ ခန့်နှင့် လူဦးရေ ၄,၀၀၀ နီးပါး ရှိသည့် ရွာကြီးဖြစ်သည်။

စစ်ကောင်စီတပ်သည် ဖောင်းပြင်မြို့နယ်အတွင်း ကျေးရွာများကို မကြာခဏ မီးရှို့ဖျက်ဆီးနေသည်။

 ပြီးခဲ့သည့် ဩဂုတ် ၂၁ တွင် ခန္တီးမြို့မှ ဆင်းလာသည့် စစ်ရေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ခုခံစစ်ဆင်လာသည့် ဖောင်းပြင်-PDF သည် ဒေသတွင်း ရဲစခန်းများ၊ စစ်ကောင်စီတပ်များကို ပစ်မှတ်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း စစ်ကိုင်းတိုင်းမှ ကျေးရွာအချို့ကို လေကြောင်းမှ တိုက်ခိုက်သလို နေအိမ်များ မီးရှို့လျက်ရှိသည်။ ထိုသို့ မလုပ်ဆောင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဩဂုတ် ၁၇ တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့စဉ် ပြောဆိုထားသည်။

သို့သော် စစ်ခေါင်းဆောင်က ကျေးရွာများကို မီးရှို့သည်မှာ ယင်းလက်အောက်ခံ တပ်ဖွဲ့များမဟုတ်ဟု ငြင်းဆိုပြီး လေယာဉ်ဖြင့် တိုက်ခိုက်သည်မှာလည်း သောင်းကျန်းသူများကိုသာ ဦးတည်ပစ်မှတ်ထားသည်ဟု ဖြေရှင်းချက်ပေးသည်။ မြန်မာ့အရေးပြေလည်ရန် စစ်ခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက နားချနေသော်လည်း မအောင်မြင်ဘဲ ဖြစ်နေပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အားထုတ်မှုများသည်လည်း အရာမရောက်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြနေကြသည်။  

နိုင်ငံအဝန်းမှ ပြည်သူတို့၏ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံ ၂၈,၀၀၀ ကျော်ကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP -Myanmar) အဖွဲ့၏ ဩဂုတ် ၁၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ ၂၀,၄၈၅ အိမ် ပါဝင်သည်ဟု ISP-Myanmar က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button