သတင်း

မန္တလေးတွင် ၂၄ နာရီအတွင်း ၄ ဦး အသတ်ခံရပြီး၂ ဦး ဒဏ်ရာရ

ယမန်နေ့ (ဩဂုတ်၂၂) နံနက်မှစ၍ ၂၄ နာရီအတွင်း မန္တလေးမြို့တွင် လူ ၄ ဦး သတ်ဖြတ်ခံရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ယနေ့ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ နှင့် ၅၇ လမ်း၊ Grand Mandalay ဆေးရုံအနီး ကိုစည်သူကိုကိုနှင့် ဇနီးဖြစ်သူ မြနန်းရုံဟိုတယ်ဝန်ထမ်း မနှင်းဝေဝေလှိုင်တို့ သေနတ်နှင့် ၄ ချက်ပစ်ခံရပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားသည်။

“ဘာကြောင့်ပစ်ခံရတယ်လို့တော့ မသိသေးဘူး။ သေတာကတော့ ပွဲချင်းပြီးပဲ” ဟု ချမ်းအေးသာစံမြို့နယ် တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုလင်မယားမှာ CID ရဲမှူး စိုးကိုကိုနှင့် မှားယွင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ သတင်းပေးဒလန်များ မဟုတ်ကြောင်း၊ ၈ နှစ်အရွယ် သမီးတစ်ဦး ကျန်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု တစ်စုံတစ်ရာ မရှိသေးပေ။ 

ယမန်နေ့ နံနက် ၇ နာရီခန့်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၄ လမ်း (၆၁ လမ်းနှင့် ၆၂ လမ်းကြား)တွင် အသက် ၅၀ ဝန်းကျင် မြေပွဲစား ဦးစိုးနှင်း စက်မှုဈေးအနီး ပစ်သတ်ခံရပြီး စစ်ကောင်စီနှင့် ဆက်စပ်သူဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ 

မွန်းလွဲ ၁ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား သိပ္ပံလမ်းပေါ် မြန်မာဘီယာဖြန့်ဖြူးရေးရုံးအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါလက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ယင်းရုံးအတွင်းမှ အသက် ၁၈ နှစ်အရွယ်နှင့် ၁၉ နှစ်အရွယ် အမျိုးသား နှစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယင်းအနီးနေထိုင်သူတို့က ဆိုသည်။

အဆိုပါ မြန်မာဘီယာဖြန့်ဖြူးရေးရုံးသည် အာဏာသိမ်းပြီးနောက် ယမန်နှစ်ပိုင်းကလည်း ဗုံးထုသတိပေးခံခဲ့ရဖူးသည်ဟု သိရသည်။

မန္တလေးမြို့တွင် မြန်မာဘီယာရောင်းချနေသည့် စတိုးဆိုင်များ၊ ဘား၊ KTV နှင့် ဘီယာဆိုင်များကို ဆက်ရောင်းချခြင်း မပြုရန်၊ လူသတ်နေသည့် စစ်ကောင်စီအတွက် ကျည်ဆန်နှင့် လက်နက်များ အထောက်အပံ့ဖြစ်စေသည့်အတွက် စစ်ကောင်စီထုတ်ကုန်များအား သုံးစွဲခြင်းမပြုရန် အာဏာသိမ်းပြီးနောက် မန္တလေးတော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

ညနေ ၃ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအနီး ရွှေစင်ကျောင်းတိုက်ရှေ့ ရှိနေသည့် မန္တလေးစည်ပင်သာယာရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

သေဆုံးသူသည် ချမ်းမြသာစည်မြို့နယ် မန်းစည်ပင် သန့်ရှင်းရေးဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်းဆိုသူဖြစ်ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက ရင်ဘတ်ကို သေနတ်ဖြင့် တစ်ချက်တည်းပစ်ခတ်ခဲ့သည်ဟု မျက်မြင်များကို ကိုးကားကာ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ 

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်အတွင်း စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးရာ မြို့ပြပြောက်ကျားအဖွဲ့ဝင် ၄၀ ခန့် အနည်းဆုံး အဖမ်းခံရသည်။ 

ထိုသို့ စစ်ကောင်စီ၏ ဖမ်းဆီးနေမှုများကြားမှ တိုက်ခိုက်ဖောက်ခွဲမှုများကို ပြောက်ကျားအဖွဲ့များက ဆက်တိုက် တုံ့ပြန်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button