သတင်း

ဖောင်းပြင်တွင် စစ်တပ် သင်္ဘော ၆ စီးက ချင်းတွင်းမြစ်ဘေး ရွာများကို ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၁ ) က ချင်းတွင်းမြစ်တွင်းသွားလာနေသည့် စစ်ကောင်စီတပ် သင်္ဘောများက မြစ်ကမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်ရာ ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ နှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း ဖောင်းပြင်-PDF ထံမှ သိရသည်။

ခန္တီးမြို့မှ အကျဉ်းသားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် အဆိုပါ သင်္ဘော ၆ စီးသည် ဖောင်းပြင်မြို့တောင်ဘက်အရောက် မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းပြင်-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇေက ပြောသည်။

သင်္ဘောများမှာ ဩဂုတ် ၆ ရက်က ခဲယမ်း၊ ရိက္ခာများ တင်ဆောင်ပြီး ခန္တီးမြို့သို့ တက်သွားခြင်းဖြစ်ပြီး အသွားရောအပြန်ပါ ဖောင်းပြင်-PDF က တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ကိုအောင်ဇေက ပြောသည်။

“အသွားတုန်းကလည်း အဲဒီမောက်စဖာရွာကို ပစ်သွားသေးတယ်၊ ကျွန်တော်တို့က အသွားရော အပြန်ရော လုံးဝကို မပစ်ဘူး၊ သူတို့ဘာသာ ကြောက်လန့်ပြီး ပစ်တဲ့သဘောပဲ” ဟု ကိုအောင်ဇေက ဆိုသည်။

စစ်သင်္ဘော ၆ စီးပေါ်မှ ၆၀ မမ၊ ၄၀ မမ စိန်ပြောင်းများ၊ RPG 7 လက်နက်ကြီးများအပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းကြောင့် ဖောင်းပြင်မြို့တောင်ဘက် မိုင်အနည်းငယ်အကွာရှိ မောက်စဖာရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ 

ရွာအတွင်းရှိ တောင်ကုန်းတစ်ခုတွင်လည်း လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့ပြီး အနီးရှိ နေအိမ်ကို လက်နက်ကြီးစများ ထိမှန်ခဲ့ခြင်းကြောင့် ၁၃ နှစ်ခန့်အရွယ်ရှိသူ မဇင်နီဝေ လက်ပြင်တွင် လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ကလေးမလေးအိမ်က နည်းနည်းအတွင်းကျတယ်ဗျ၊ လက်နက်ကြီးက တောင်စောင်းကို သွားမှန်ပြီးမှ အဲဒီက ပေါက်ကွဲတဲ့အစမှန်တာ၊ အိမ်က သွပ်ကို ပေါက်ပြီးမှ ကလေးမလေးကို တစ်ဆင့်မှန်တာ” ဟု အသက် ၆၀ ကျော်အရွယ် အဆိုပါ ရွာခံ အမျိုးသားက ဆိုသည်။

ဒဏ်ရာမပြင်းထန်ဟု ယူဆသည့်အတွက် မိသားစုဝင်များက ကလေးကို ဆေးရုံမပို့ဘဲ ဒေသခံ ဆေးဝါးကျွမ်းကျင်သူများနှင့် ကုသထားသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် အဆိုပါ သင်္ဘော ၆ စီးမှာ ဆက်လက်စုန်ဆင်းလာပြီး မြို့မရွာ၊ သာစည်ရွာနှင့် ကရားရွာတို့ကို ဆက်လက် ပစ်ခတ်သွားသည့်အတွက် နေအိမ်အချို့ ထိမှန်ပျက်စီးသွားသည်၊ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တချို့လည်း တင်ကျန်ခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်တစ်ခုအား ဩဂုတ် ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့)

ညနေ ၄ နာရီခွဲခန့်တွင် ကရားရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့သလို အသက် ၅၀ ခန့်အရွယ် ဦးစန်းထွန်း ဆိုသည့် ရွာသားတစ်ဦးလည်း ရင်ဘတ်တွင် လက်နက်ကြီးစထိမှန်ခဲ့သည်ဟု သိရသည်။

ဖောင်းပြင်မြို့မှာ စစ်ကိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကြောင်းပေါ်တွင်ရှိပြီး အိန္ဒိယနယ်စပ် တမူးမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာတွင် ရှိသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ဖောင်းပြင်မြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် သညစ်ရွာတွင် ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်သင်တန်းဆင်း ပျူစောထီး ၂၆ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဖောင်းပြင်-PDF က ထုတ်ပြန်ထားသည်။

ဗုံးခွဲခံရပြီးသည့်နောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များက အနီးအနားရှိ ဆိတ်ဆားရွာနှင့် ရွာမရွာမှ နေအိမ်များကို မီးလိုက်ရှို့သည့်အတွက် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။

နောက်တစ်နေ့ (ဩဂုတ် ၂၀) တွင်လည်း ကိုင်းပြင်ရွာမှ နေအိမ် ၆ လုံးကို ရိုက်ချိုး၊ ဖျက်ဆီးခဲ့ကြသည်ဟု ဖောင်းပြင်-PDF မှ ကိုအောင်ဇေက ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ စတင်ဖေါ်ဆောင်လာသည့် ဖောင်းပြင်-PDF အဖွဲ့မှာ ဖောင်းပြင်မြို့နယ်အတွင်းရှိ ရဲစခန်းများကို တိုက်ခိုက်ခြင်း၊ နယ်မြေအတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်လုပ်ဆောင်နေသည်။

အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ဦးဆောင်နေပြီး တိုင်းဒေသကြီးတစ်ခုလုံးနီးပါးတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button