
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်တပ်ကင်းစခန်းတစ်ခုကို ယမန်နေ့ (ဩဂုတ် ၁၈) ညနေပိုင်းက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ပြောသည်။
“ကျွန်တော်တို့အညာမှာ စစ်ကြောင်းတွေ ထိုးနေပေမဲ့ မြို့ပြမှာတောင် ကျွန်တော်တို့ (PDF တွေ) ဝင်ရောက်တိုက်ခိုက်နိုင်တယ်၊ ပြည်သူ့အတွက် ရှိနေတယ်ဆိုတာ ပြချင်တာပါ” ဟု ယင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မြို့နှင့် ၆ မိုင်ခန့်ဝေးပြီး ကျွဲတဲအုပ်စု၊ စက်မှုဇုန် ၆ လမ်းနှင့် ၇ လမ်းကြား စက်ရုံများ၊ မော်တော်ယာဉ်ပြင်ဆင်သည့် အလုပ်ရုံများအနီး ထိုစခန်းတွင် စစ်သား ၁၀ ဦးထက်မနည်း ရှိတတ်ကြောင်း၊ ဒေသခံ PDF ၈ ဖွဲ့က ညနေ ၄နာရီခွဲတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ဟု ဆိုသည်။
ပစ်ခတ်သံများ ကြားလိုက်ရအပြီးတွင် စစ်ကောင်စီတပ်က လမ်းသွယ်များထိပ်နှင့် ရေစကြိုလမ်းမကို ပိတ်ကာ စစ်ဆေးခဲ့သည်ဟု ကျွဲတဲအုပ်စုမှဒေသခံ ၂ ဦးက ပြောသည်။
ပစ်ခတ်မှုအပြီး ထိခိုက်သေဆုံးသည့် အရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုသတင်းမျိုးကို ထုတ်ပြန်လေ့ မရှိပေ။
ယခုတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ရင်း-၁)၊ Young Force (UG) Southern Yso, PKU Range၊, RSO PKU, မဟူရာအလင်းတန်းတပ်ဖွဲ့၊ တမာမြေ ပျောက်ကြားတပ်ဖွဲ့၊ သံမဏိသိမ်းငှက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။
မကွေးတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ် မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများ ခုခံအားကောင်းလျက်ရှိရာ စစ်ကောင်စီကလည်း အပြင်းအထန်ထိုး စစ်ဆင်ပြီး ခုခံသူတို့နှင့် ဆက်စပ်သည်ဟု ၎င်းတို့ ယူဆသည့် နေအိမ်များကို မီးရှို့နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဩဂုတ် ၈ တွင် ပခုက္ကူမြို့နယ် ဆားကျင်းရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် ရောက်သွားပြီး နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီကမူ မီးရှို့သူမှာ PDF များသာ ဖြစ်သည်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
ဧပြီ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်၊ ယောချောင်းတစ်လျှောက်ရှိ ရှားဒူ၊ စိုင်ဖြူ၊ ဒဲပြား၊ မြစ်ဖျား၊ တောင်ပလူနှင့် အရှေ့ကမ်းဖြူကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ် ဝင်ရောက်အပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကာ ဒေသခံ ၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)