သတင်း

တစ်လအတွင်း မန္တလေးမြို့ပြပြောက်ကျား ၄၀ ခန့် ဖမ်းဆီးခံရ

မန္တလေးမြို့တွင် ယခု (ဩဂုတ်) လဆန်းမှစ၍  မြို့ပြပြောက်ကျားအဖွဲ့ဝင် ၄၀ ထက်မနည်း ဆက်တိုက် ဖမ်းဆီးခံရပြီး တချို့မှာ သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ 

ဩဂုတ် ၁ နံနက်တွင် အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနှင့် ၈ လမ်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းရာ Myanmar Return Rangers Force (MRRF) အဖွဲ့မှ မြို့ပြပြောက်ကျားလူငယ် ၁၀ ဦး တစ်ပြိုင်နက် ဖမ်းဆီးခံရသည်။

နောက်တစ်နေ့တွင် MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ အပါအဝင် ၄ ဦး၏ အလောင်းကို မြို့ပြင် အမြန်လမ်းပေါ်၌ တွေ့ရသည်ဟု မန္တလေးပြောက်ကျားအဖွဲ့တချို့၏ အဆိုအရ သိရသည်။

ထို့နောက် ဩဂုတ် ၁၀ တွင် မန္တလေးတိုင်းအထူးပြောက်ကျားတပ်ဖွဲ့ (MSTF) သိန်းငှက်တပ်ခွဲ၏ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည်။

“၁၈ ဦး ဖမ်းခံရတာ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ အခြားအဖွဲ့ဝင်တွေ လုံခြုံရေးအရ ပြောပြလို့ မရသေးပါဘူး” ဟု အဆိုပါအဖွဲ့၏နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၅၃ လမ်းနှင့် ၁၁၁ (C) လမ်းရှိ တည်းခိုခန်းတစ်ခုကို ဩဂုတ် ၁၃  ညနေ ၅ နာရီကျော်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ်များဖြစ်သော ဆန်းဝင်းကို (ခ) ဗိုလ်ခါး နှင့် ထွန်းထွန်းဝင်း (ခ) လမဲ၊ အမရပူရမြို့နယ် မြဟင်္သာရပ်ကွက်နေ ၂၁ နှစ်အရွယ်များဖြစ်သော စိုင်းဖြိုးဇော် (ခ) စိုင်းလေး ၊ ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာမှ မိုးညိုတို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦးသည် နမ္မတူမြို့နယ် တောတွင်းတစ်နေရာတွင် KIA က ဖွင့်လှစ်သည့် PDF သင်တန်းအပတ်စဉ် (၄) တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ဩဂုတ် ၁၆ တွင် ရှမ်းပြည်နယ်ဘက်မှ လက်နက်ဝယ်ယူပြီး ပြန်လာသည့် ဝက်လက်အခြေစိုက် ဒို့ညီနောင်အဖွဲ့မှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး မန္တလေးရောက်စဉ် အဆက်အသွယ် ပြတ်တောက်သွားရာ ဖမ်းဆီးခံထားရခြင်း ဖြစ်နိုင်သည်ဟု ကျန်အဖွဲ့တို့က ယူဆနေကြသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA) အဖွဲ့ခွဲ ဒုတာဝန်ခံ ရဲဘော် မန်းမိုးကြိုး (ခ) ကျော်လင်းအပါအဝင် ၄ ဦး ဩဂုတ် ၄ မှ စတင်၍ အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ဆိုသည်။

မန္တလေးမြို့တွင် ပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုကို မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်မှစတင်၍  အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ၎င်းတို့အားလုံး မန္တလေးတွင် ဖမ်းဆီးခံရသည်ဟု ယူဆကြောင်း ယင်းအဖွဲ့ခေါင်းဆောင်က ဆိုသည်။

ထိုအထဲမှ တစ်ဦးမှာ ကျန်းမာရေးမကောင်းသည့် မိခင်ထံ သွားရောက်စဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု FLA ခေါင်းဆောင် နေမျိုးနွယ်ဆိုသူက ပြောသည်။

“သူ့အိမ်ကို ဝင်စီးတဲ့အချိန် သူ့အမေတော့ ပါမသွားဘူး။ နှလုံးရောဂါအခံနဲ့ ရှော့ခ်ဖြစ်ပြီး ဆေးရုံတက်ရလို့။ သူ့အမေဆီ မသွားပါနဲ့လို့ တားခဲ့တယ်။ ကျိန်းသေ အဲဒီဝန်းကျင်မှာ စောင့်ကြည့်နေမယ်ဆိုတာ တွက်လို့ ရတယ်။ ဒါပေမဲ့ အမေစိတ်နဲ့ သတိမေ့ခဲ့ပုံပါပဲ” 

“ကျွန်တော်တို့ ဆုံးရှုံးဖမ်းဆီးခံရပေမဲ့ မကျသေးဘူးဆိုတာ အသိပေးချင်ပါတယ်။ အခက်အခဲတချို့ ဖြတ်သန်းပြီးရင် ပြန်လာမှာပါလို့ ပြည်သူကို အသိပေးချင်ပါတယ်”   

လက်ရှိတွင် အဆိုပါတပ်ဖွဲ့ဝင်လေးဦးနှင့် ပတ်သက်ပြီး မည်သည့်အဆက်အသွယ်မှမရရှိဘဲ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု သူက ဆက်ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုအားကောင်းသော မန္တလေးတွင် ဇူလိုင်နှင့် ဩဂုတ်အတွင်း စစ်ကောင်စီတပ်က မန္တလေးတစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီး ပြောက်ကျားတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုဖမ်းဆီးခံရခြင်းသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသည့် အကြောင်းရင်း အများအပြားရှိသည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် MPDF ၏ခေါင်းဆောင်ဗိုလ်နက္ခတ်က  မှတ်ချက်ပြုသည်။

“ရန်သူဘက်က သပ်လျှိုစိမ့်ဝင်မှုတွေ များလာတာရယ်၊ ကိုယ့်ရဲဘော်တွေ စုစည်းမှုကျစ်လျစ်မှု အားနည်းတာရယ်၊ အလှူငွေရန်ပုံငွေ အဖွဲ့သုံးစရိတ်မလုံလောက်တာတွေကြောင့် အခြားအဝန်းအဝိုင်းကလူတွေနဲ့ ဆက်သွယ်မိလို့ ဖြစ်ရတယ်လို့မြင်ပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး တော်လှန်ရေးကို ဝိုင်းဝန်းကူညီပေးပါဦးလို့ မှာချင်ပါတယ်” ဟု ဗိုလ်နက္ခတ်က ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button