
မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၆ စီးကို စစ်ကိုင်း တိုင်းအထက်ပိုင်း ကသာမြို့အထွက် နဘူးရွာဟောင်းအနီးတွင် လက်လုပ်ဒုံး ၁၄ လုံးဖြင့် တိုက်ခိုက်ရာ နောက်ဆုံးမှ ၂ စီးကို ထိမှန်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။
ယမန်နေ့ (ဩဂုတ် ၁၈) နံနက် ၉ နာရီခွဲခန့်က ကျောင်းသားတပ်မတော် (ABSDF) နှင့် ပေါင်း၍ ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၁၁ ဦး ဝန်းကျင်သေဆုံးသည်ဟု ကြားသိရကြောင်း ကသာ (ပကဖ) ပြောရေးဆိုခွင့်ရှိ သူက ဆိုသည်။
စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း၊ ၎င်းတို့ဘက်က အထိအခိုက်မရှိ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“မြစ်ကြောင်းကျဉ်းမှာ လက်လုပ် ရှော့ပြောင်းတွေ၊ ရှော့ဒုံးတွေနဲ့ ဝိုင်းပြီးတော့ စစ်ဆင်ရေးလုပ်တာပေါ့ နှစ်စီးလောက်ကို ထိတယ်။ အနီးကပ်ကြီးတော့ အရမ်းကြီး မမြင်ရဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
တော်လှန်ရေး အင်အားစုက တိုက်ခိုက်သည့် ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်ဒဏ်ရာရမှုကိုမူ သီးခြား အတည် မပြုနိုင်သေးပေ။ ကောင်းကင်ဓာတ်ပုံအရ ကသာမြို့သို့ ဖြတ်သန်းစီးဆင်းနေသည့် ဧရာဝတီ မြစ်အလယ်တွင် သောင်များထွန်းနေသည်ကို တွေ့ရသည်။
ရိက္ခာနှင့် အရေးကြီး စစ်လက်နက်များ ပါဝင်နိုင်သည်ဟု ယူဆရသည့် ထိုသင်္ဘောများ ကသာမြို့နယ် အတွင်း ဖြတ်သန်းနေစဉ် မင်္ဂလသုခ၊ မင်းလယ်၊ နဘူး ရွာများပေါ်သို့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် တိုက်လေယာဉ်နှစ်စီး ဝဲပျံခဲ့သည်ဟု ကသာ(ပကဖ) ပြောရေးဆိုခွင့်ရှိ သူက ဆိုသည်။
“ရှေ့မှာ (ယခင်တုန်းက) နှစ်စီးတစ်တွဲ သုံးစီးတစ်တွဲလာတာရှိတယ်။ အခုလောက်အစီးရေ မများသလို သည်လောက်ကြီးအထိအောင်တော့ စောင့်ရှောက်ပြီးခေါ်တာ မကြုံဖူးသေးဘူး” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်ခံရသည့် ဩဂုတ်၁၈ ညတွင် ကသာမြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ မိုးတားလေးရွာ ဆိပ်ကမ်းတွင် သင်္ဘောများ ညအိပ်ရပ်နားခဲ့ကြောင်း၊ ယနေ့(ဩဂုတ် ၁၉) နံနက်တွင် သင်္ဘောများပေါ်မှ စစ်သား ၇၀ ခန့် ဆင်းလာကာ ပတ်ဝန်းကျင်၌ တပ်ဖြန့်လှုပ်ရှားနေသည်ဟု ကသာ(ပကဖ)ထံမှ သိရသည်။
ထိုသင်္ဘောများ မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကို အတည်မပြုနိုင်သေးပေ။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် ကချင်အဖွဲ့ (KIA) ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ခြင်း၊ ကချင်ပြည်နယ်ဘက်မှ ကျောက်စိမ်း သယ်ယူခြင်းတို့ကို စစ်ကောင်စီက ဆောင်ရွက်ရာတွင် ကသာမြို့နယ်ကို ဖြတ်သန်းသွားသည့် ဧရာဝတီမြစ်ကြောင်းခရီးကို မကြာခဏ အသုံးပြုနေသည်။
စစ်ကောင်စီ၏ ထိုသင်္ဘောများကို စစ်ကိုင်း-ကချင် နယ်စပ်မျဉ်းအနီးရှိနေသည့် ကသာမြို့အပါအဝင် ထီးချိုင့်၊ ရွှေကူ၊ မြို့လှ စသည့် ဒေသအခြေစိုက် PDF အဖွဲ့များက ရရာလက်နက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေသော်လည်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးသည့်ဖြစ်စဉ် မရှိသေးပေ။

ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အထက်ပါ တော်လှန်ရေးအဖွဲ့က အင်အား ၆၅၀ ခန့်ရှိမည်ဟု ခန့်မှန်းသည်။
ထိုစစ်ကောင်စီ တပ်ဖွဲ့များမှာ မြို့နယ်အတွင်း ဖြန့်ကြက်သွားလာနေပြီး ၎င်းတို့၏ လက်ချက်ဖြင့် ပြည်သူပိုင်အိုးအိမ်များ မကြာခဏပျက်ဆီးဆုံးရှုံးနေကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးက ပြောသည်။
ယနေ့ (ဩဂုတ် ၁၉) နံနက်တွင် ကသာမြို့ အရှေ့မြောက်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ထုံးကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီက ရွာကို မီးရှို့ရာ နေအိမ် ၄လုံး မီးထဲပါသွားသည် ဟု ၎င်းထံမှသိရသည်။
ကျောက်ထုံးကြီးရွာတွင် ဩဂုတ် ၁၅ရက်မှစကာ စစ်ကောင်စီ အင်အား ၂၀၀ ခန့် တပ်စွဲနေခြင်းဖြစ်သည်။ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒေသခံ ၆၀ ကျော်ရှိသည်ဟု သိရသော်လည်း အသေးစိတ် အခြေအနေများ ကို အတည်မပြုနိုင်သေးပေ။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်သည်အထိ နိုင်ငံအနှံ့ခုခံမှုများစွာဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နှုတ်ဆိတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)