သတင်း

ကော့ကရိတ်တိုက်ပွဲအပြီး စစ်ကောင်စီတပ် တန်ပြန် တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အခြေစိုက်နေရာများ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ယမန်နေ့ (ဩဂုတ် ၁၇) ညနေပိုင်းမှ စတင်ပြီး ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ၂ ရက်ဆက်တိုက် ဖြစ်ပွားနေသည်။

ကော့ကရိတ်မြို့ တောင်ဘက် သုံးမိုင်ခန့်အကွာ ရေကျော်ကြီးကျေးရွာအုပ်စု ကမိုင်ကုန်းရွာနှင့် ရွာသစ်ဘက်ကို သံချပ်ကာယာဉ်များ ပါဝင်သည့် စစ်ကြောင်း ဝင်ရောက်လာသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်အတူ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

“သူတို့ဘက်က အင်အားက ထပ်တိုးလာတယ်။ အဲဒီတိုးလာတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ဘက်က ပြန်ပြီး ကစားရတာပေါ့” ဟု PDF ကျားဖြူတပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများဘက် ပစ်ခတ်နေသည့်အတွက် ယနေ့တွင် ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ကော့ကရိတ်နှင့် မြဝတီမြို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း ၎င်းတို့ထိန်းချုပ်သည့် ကော့ကရိတ်မြို့ပေါ်တွင်ပါ ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် အင်အားပြနေခြင်းဖြစ်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ထိုးနေတဲ့စစ်ကြောင်းတွေကလည်း အကုန်လုံး လန်ကျတဲ့သဘောမှာရှိနေတယ်။ နောက်ဆုံး မြို့ထဲအထိပါ အပစ်ခံနေရတဲ့အနေအထား ရောက်လာတယ်လေ။ အရှက်ပြေလုပ်နေတယ်လို့ ပြောလို့ရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီရန်ကြောင့် ကျေးရွာများတွင် ထွက်ပြေးနေရသူ အများအပြားရှိပြီး အရေအတွက် အတိအကျမသိရှိရသေးကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ နံနက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက် ပစ်ခတ်ခဲ့ကြသည်။

ထို့နေ့မြို့ပေါ်တိုက်ပွဲတွင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ တပ်ရင်း ၂၇ မှ ဗိုလ်စောကျော်သက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ (၂) အတွင်းရှိ နဂါးဖြူ စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့ပါ ဝင်တိုက်ခိုက်ခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်သည်။  

ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ကာ ဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့၍ လက်နက် ၆ လက် ရရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကော့ကရိတ်မြို့တွင်း စစ်တပ်က လုံခြုံရေးတင်းကျပ်ခဲ့ပြီး ယမန်နေ့ညကလည်း မြို့အတွင်း သေနတ်ပစ်ဖောက်ပြီး တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ခဲ့ကြောင်း KIC သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသော ကျောက်ကြီးမြို့နယ်မှ ကရင်စစ်ရှောင်တချို့ကို ဇွန်လနောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-KNU) 

ကော့ကရိတ်ဒေသခံတို့သည် ယခင်ကပင် KNU ကို ထောက်ခံသူများ ဖြစ်ကြသည်။

ကရင်လူမျိုးစုများ အများဆုံးနေထိုင်ရာ ကော့ကရိတ်မြို့နယ်သည် ဒေါနတောင်ကြော၏ အနောက်ခြမ်း ဘားအံနှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် အာရှကားလမ်းမကြီးပေါ် တည်ရှိပြီး လူဦးရေ သုံးသိန်းနီးပါးခန့် ရှိကာ အများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ ဖြစ်သည်။

ယင်းမြို့နယ်သည် KNU ၏ တပ်မဟာ ၆ နယ်မြေအတွင်း တည်ရှိ ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် KNU တပ်များ၊ DKBA ခွဲထွက်အဖွဲ့ဝင်များ၊ PDF တပ်များ လှုပ်ရှားနေရာ ဒေသလည်း ဖြစ်သည်။

အာဏာသိမ်းမှုကို လက်မခံဘဲ ကန့်ကွက်ရှုတ်ချထားသော KNU နယ်မြေအတွင်း ယမန်နှစ်ကတည်းက စစ်တပ်နှင့် တိုက်ပွဲများ ပြန်ဖြစ်ပွားလာရာ ယခုနှစ် ဩဂုတ်လအထိစာရင်းများအရ တပ်မဟာ ၇ ဖားအံခရိုင်မှအပ ကျန်တပ်မဟာ ၆ ခုတွင် စစ်ရှောင် ၃ သိန်းခွဲကျော် ရှိနေပြီ ဖြစ်သည်။ 

အာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ကယား (ကရင်နီ)၊ ကရင်၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ပြန်ခုခံသူတို့ကို  သံချပ်ကာယာဉ်များ၊ လက်နက်ကြီးများ၊ ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုကာ သာလွန်အင်အားဖြင့် ရှင်းလင်းနိုင်ရေး ကြိုးပမ်းနေသည်။ 

စစ်ကောင်စီသည် ချင်းပြည်နယ်ကို အကြီးအကျယ်ထိုးစစ်ဆင်ရန် ယမန်နှစ် အောက်တိုဘာလဆန်းမှစ၍ သံချပ်ကာယာဉ်များပါဝင်သည့် စစ်ကြောင်းများကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီမြို့သို့လည်းကောင်း၊ မြောက်ပိုင်း ဖလမ်းမှ မြို့တော်ဟားခါးသို့လည်းကောင်း စစ်ကြောင်းနှစ်ခုဖြင့် ချီတက်ခဲ့သော်လည်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button