သတင်း

ဖောင်းပြင် PDF စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု မအောင်မြင်

စစ်ကိုင်းအထက်ပိုင်း ဖောင်းပြင်မြို့အနီးရှိ ဒေသကာကွယ်ရေးတပ်စခန်းများကို ယမန့်နေ့ (ဩဂုတ် ၁၆) တွင် စစ်ကောင်စီတပ်နှင့် ပြည်သူစစ် ခေါ် ပျူစောထီးတပ် နာရီဝက်ကြာ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ချင်းတွင်းမြစ်အထက်ပိုင်း ဖောင်းပြင်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ၎င်းတို့စခန်းနှစ်ခု နံနက် ၁၁ နာရီခွဲခန့်တွင် အတိုက်ခံရသည်ဟု ဖောင်းပြင်-PDF ပြောခွင့်ရသူထံမှ သိရသည်။

“မနေ့က တိုက်ပွဲမှာလည်း လက်နက်ကြီး ပစ်ကူပေးထားတာတောင်မှ သူတို့ တစ်ယောက်ကျသွားတာနဲ့ ဆက်မတက်ရဲဘဲ ပြန်ဆုတ်သွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။ 

၎င်းတို့စခန်းများကို စစ်ကောင်စီက လာတိုက်ချိန်တွင် နန်းပန်ရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၊ ချောင်းခွရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများကို သွားရောက် ပစ်ခတ်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်မှု အခြေအနေကို မသိရသေးကြောင်း ထိုသူက ဆိုသည်။

“ဗျူဟာအရ လှည့်စားတဲ့ သဘောပေါ့လေ။ ဒီဘက်မှာလည်း ထိုးစစ်အရှိန်လျော့သွားအောင်လို့ လုပ်တဲ့ တိုက်ပွဲပေါ့။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ၎င်းက ပြောသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက ဩဂုတ် ၄ ရက်တွင် ဖောင်းပြင်မြို့ပေါ်၌ နယ်ခံပျူစောထီးအချို့ကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှစ်သောင်း ထောက်ပံ့ခဲ့ပြီး စစ်ဝတ်စုံနှင့် လက်နက်များပေးသည်ဟု အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။

ယမန်နေ့ က ဖောင်းပြင်စခန်းကို လာရောက်တိုက်ခိုက်သူ အရေအတွက်၊ သေဆုံးမှု အရေအတွက်တို့ကို  သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဒေသတွင်း စစ်ရေးတင်းမာနေသော်လည်း ဖောင်းပြင်မြို့ပေါ်တွင် ဒေသခံများ ပုံမှန်အတိုင်း သွားလာနေကြကြောင်း အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  စစ်တပ်၊ ပျူစောထီး၊ စစ်ကောင်စီနှင့် ပူးတွဲလှုပ်ရှားမှုအချို့ရှိသည့် ရှမ်းနီအမျိုးသားတပ်မတော်(SNA) တပ်ဖွဲ့ဝင်များ ခြေချင်းလိမ်နေသည်ဟု သူက ဆိုသည်။

အိန္ဒိယနယ်စပ် တမူးမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် ဖောင်းပြင်မြို့နယ် မိုင်းချောင်းရွာတွင် ဇူလိုင် ၂၂ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့် PDF တို့ နှစ်ဖက် ထိခိုက်မှုရှိသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေသည့် ဒေသများထဲတွင် စစ်ကိုင်းတိုင်းသည် ထင်ရှားသည်။ ထိုသို့သော အခြေအနေတွင် ဒေသအလိုက် ပြည်သူ့စစ်များဖွဲ့ကာ နယ်မြေစိုးမိုးရေး လုပ်ဆောင်မည်ဟု အတိအလင်းပြောထားသည့် စစ်ကောင်စီက စစ်ကိုင်းရှိ ဒေသများကို လေကြောင်းပါသုံး၍ တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button